Episode (29)

1.1K 107 55
                                    

Unicode

" ဟာ...အစ်ကို "

သူ့ကိုတွေ့သည်နှင့် သန့်မင်းဉာဏ်၏မျက်နှာမှာ ပြုံးရယ်သွားကာ ခြံတံခါးကိုလည်း ခပ်မြန်မြန်ဖွင့်ပေး၏ ။ လွမ်းနေရသည့်မျက်နှာလေးကို ယခုလိုမျိုး အနီးကပ်တွေ့လိုက်ရတော့ လွမ်းစိတ်မှာ ပို၍သည်းထန်လာသလိုပင် ။ ထိုကောင်လေးကို ခပ်တင်းတင်းပွေ့ဖက်ချင်သလို မွေးညင်းနုလေးများရှိနေသည့် ပါးဖောင်းဖောင်းလေးကိုလည်း နှာခေါင်းနစ်ဝင်သွားအောင် နမ်းရှိုက်ပစ်ချင်သည် ။ ထိုစိတ်ကူးများမှာ သူ့စိတ်ကို အတော်ကြီးဒုက္ခပေးလာသဖြင့် လက်သီးကိုကျစ်ကျစ်ဆုပ်ထားရပြန်၏ ။

" အစ်ကို အိမ်ကိုမလာလို့ဆိုပြီး မေတောင်ပြောနေသေးတယ် "

" ကိုယ် ဒီရက်ပိုင်းမှာ အလုပ်တော်တော်ရှုပ်နေလို့ကွာ "

" ဟုတ်ကဲ့...ဟုတ်ကဲ့...အစ်ကို... ​အထဲဝင်လေ "

သန့်မင်းဉာဏ်က ခြံထဲတွင် မတ်တတ်ရပ်နေကာ ထက်ဘုန်းနိုင်ကတော့ ယခုထိ ခြံပြင်ဘက်တွင် မတ်တတ်ရပ်နေမိဆဲ ။ သူ သန့်မင်းဉာဏ်ကို ခေါင်းည်ိတ်ပြပြီး ခြံပြင်ဘက်တွင်ရပ်နေမိသည့် ခန္ဓာကိုယ်ကို ခြံထဲသို့ဝင်ရန် စေခိုင်းရသည် ။ ထိုအခါမှ သန့်မင်းဉာဏ်က ခြံတံခါးကိုပိတ်လိုက်ပြီး သူရပ်နေသည့်နေရာသို့လျှောက်လာခဲ့၏ ။ ကြည့်ရသည်မှာ သန့်မင်းဉာဏ်က အပူကိုကြောက်ဟန်ပင် ။ အိမ်နေရင်းအချိန်တွင် ​ဒူးဖုံးဘောင်းဘီများနှင့် တီရှပ်အင်္ကျီများကိုသာ ဝတ်တတ်ကြောင်း သတိထားမိ၏ ။

ထက်ဘုန်းနိုင်က သူ့မျက်နှာကိုစေ့စေ့ကြည့်နေသည့်အတွက် မျက်နှာအနှံ့ကို လက်ဖြင့်ပွတ်သပ်မိသွား၏ ။

" အစ်ကို ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား "

" မပေပါဘူး သန့်မင်းဉာဏ် "

ထိုစကားနှင့်အတူ အကြည့်ကိုလည်း အမြန်ရုပ်သိမ်းရ၏ ။ သန့်မင်းဉာဏ်နှင့်ပတ်သက်လာလျှင် သူ့ကိုယ်သူလည်း ထိန်းချုပ်ရန် မေ့သွားတတ်သည် ။ ထိုချစ်စရာကောင်းလွန်းသည့် ကောင်လေးကတော့ မျက်လုံးလေးများပိတ်ကျသွားသည်အထိရယ်ပြလာပြီးမှ အိမ်ဘက်သို့ ဦးတည်သွား၏ ။ ကျောခိုင်းသွားသည့်ပုံရိပ်လေးကြောင့် သူ့စိတ်ထဲတွင် ပြောမပြတတ်အောင် နာကျင်သွားသဖြင့် ခြေလှမ်းကျယ်များဖြင့် သန့်မင်းဉာဏ်နောက်သို့ ခပ်မြန်မြန်ပြေးလိုက်မိသွားသည် ။ ဘေးချင်းယှဉ်ပြီးလမ်းလျှောက်လိုက်လျှင် သန့်မင်းဉာဏ်က သူ့ထက် အရပ်အနည်းငယ်ပုနေ၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now