Episode (39)

1.1K 102 17
                                    

Unicode

သန့်မင်းဉာဏ်၏ပုံစံက လူသေကောင်လိုမျိုး အပြုံးအရယ်မရှိဖြစ်နေကာ စကားကိုလည်း တစ်ခွန်းမှမပြောပေ ။ တွန်းလှန်ချင်သော်လည်း အခြေအနေမပေး၍ငုံ့ခံနေရသည့် အရိပ်အယောင်မျိုးကိုလည်း သန့်မင်းဉာဏ်က ပီပီပြင်ပြင်သရုပ်ဖော်၏ ။ စိတ်မတိုမိအောင် မည်မျှပင်ထိန်းထိန်း ၊ ကောင်းသုတကျော်နှင့် သန့်မင်းဉာဏ်ကို တူယှဉ်တွဲပြီးမြင်လိုက်သည်နှင့် မွေးမြူထားသည့်စိတ်ကောင်းလေးမှာ အစအနရှာမရအောင် ပျောက်ဆုံးသွားရပြန်သည် ။

မီးပွိုင့်မီးနီသွားသဖြင့် ကားကိုအရှိန်လျှော့၍ရပ်လိုက်ပြီးမှ သန့်မင်းဉာဏ်၏မျက်နှာကို အချိန်ခဏကြာအောင်စိုက်ကြည့်မိ၏ ။

" သန့်မင်းဉာဏ် "

" ... "

မကြားသည်လား ၊ မကြားဟန်ဆောင်သည်လား ။ သန့်မင်းဉာဏ်က နဂိုအတိုင်း ခေါင်းကိုငုံ့ထားဆဲ ။

" သန့်မင်းဉာဏ် "

အသံကိုနည်းနည်းထပ်ကျယ်ပြီးခေါ်လိုက်မှ  ခန္ဓာကိုယ်မှာတစ်ချက်တုန်ယင်သွားသလို မျက်လုံးအပြူးသားဖြင့် သူ့ကိုကြည့်လာလေသည် ။

" မင်းမျက်နှာက ဘာဖြစ်နေတာလဲ "

ခေါင်းကိုသာခါပြလာသဖြင့် ဆွဲဆန့်ထားသည့် စိတ်ရှည်မှုများမှာ ကတ်ကြေးဖြင့်ဖြတ်လိုက်သလိုမျိုး ပြတ်တောက်သွား၏ ။

" ပါးစပ်ကဖြေ "

" ကျွန်တော် ဘာမှမဖြစ်ပါဘူး "

" အဲဒါဆိုရင် ဘာဖြစ်လို့ လူသေကောင်လိုမျိုးလုပ်နေရတာလဲ "

" ဗျာ "

" ငါ့ဘေးမှာနေပြီး မျက်နှာသေနဲ့နေနေတာက ငါ့ကိုစော်ကားတာပဲ သန့်မင်းဉာဏ် ၊ ဘာလဲ...ဟိုကောင်နဲ့အတူတူမသွားရလို့ အသံတိတ်ဆန္ဒပြတာလား "

" မဟုတ်ပါဘူး "

" အဟင်း...ဟင်း...ပါးစပ်ကနေသာ မဟုတ်ဘူးငြင်းနေတာ ၊ မင်းမျက်နှာက ငါ့စကားမှန်ကြောင်း သက်သေပြနေတာပဲလေ "

ညစ်နေသည့်စိတ်မှာ ပို၍ညစ်နွမ်းရသည် ။ တကယ်လည်း သန့် ထက်ဘုန်းနိုင်နှင့်အတူတူမသွားချင်ပေ ။ ထို့အတွက်ကြောင့် " ပူလို့ပါ " ဆိုသည့် စကားကိုသာပြောလိုက်မိပြီး ခန္ဓာကိုယ်ကိုလည်း ထိုလူနှင့် ဝေးသထက်ဝေးအောင် ဘေးဘက်သို့တိုးကပ်မိ၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now