Episode (35)

1K 102 18
                                    

Unicode

အိပ်ခန်းပြတင်းပေါက်ကိုဖွင့်ထားသဖြင့် ဝှေ့ခနဲတိုက်သွားသည့် လေအေးများမှာ အခန်းထဲကိုဝင်ရောက်လာခဲ့သော်လည်း ပူလောင်နေသော သူ့ရင်ကိုတော့အေးသွားအောင် မစွမ်းဆောင်နိုင်ပေ ။ ညလယ်အချိန်ဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေကာ တစ်ခါတစ်ရံမှသာ ပိုးမွှားများ၏အော်မြည်သံသဲ့သဲ့ကိုကြားရလေသည် ။ ညအိပ်မီးလည်းမဖွင့်ထားသဖြင့် သူ့အခန်းမှာ မှောင်မည်းနေ၏ ။

သူ့ဘဝတွင် မည်သည့်အရာကိုမှအများကြီးမပိုင်ဆိုင်ထားသောကြောင့် ဆုံးရှုံးရမည်ကိုလည်း တွေးမပူခဲ့ပေ ။  ထိုသို့သော သူက သန့် ငိုမည်ကို အကြောက်ဆုံးဖြစ်ပြီး သန့်မျက်ရည်များကိုလည်း စိတ်ခိုင်ခိုင်ဖြင့်မကြည့်ရက်နိုင်ချေ ။ သန့် ပျော်နေလျှင် မည်သို့သောဒုက္ခမျိုးကိုမဆိုသည်းခံနိုင်ပြီး  သန့် မပျော်ပါလျှင် သူ့ကမ္ဘာ၌ ပူလောင်ခြောက်သွေ့မှုများကြီးစိုး၏ ။

တီတီက မေမေ့ကို သန့်၏အကြောင်းပြောပြပြီးငိုနေသည်ဟု မေမေ့ဆီမှပြန်ကြားရတော့ ကွဲပြီးသားရင်မှာ ပြန်စေ့၍မရအောင် ကွဲအက်သွားလေသည် ။ သန့်ကိုသိပ်ချစ်သည့် တီတီ့ခမျာ ကြိုတင်ပြင်ဆင်ချိန်မရဘဲ သိလိုက်ရသည့်အဖြစ်အပျက်ကြောင့် ငိုကြွေးရသလို သူသည်လည်း ထိုအခြေအနေကို လက်ခံ၍ မရခဲ့ပေ ။

စဉ်းစားတွေးတောနေရင်း ခေါင်းထဲမှထိုးကိုက်လာသောကြောင့် ဦးခေါင်းခွံကိုလက်ထိပ်လေးများဖြင့်ဖိနှိပ်ပြီး ခေါင်းကိုက်သက်သာလိုသက်သာငြား လုပ်မိသော်လည်း ခေါင်းကိုက်မှုမှာ သက်သာမသွားခဲ့ပေ ။ ထိုအစား ခေါင်းထဲတွင် ရိပ်ခနဲမူးနောက်လာပြန်သောကြောင့် မျက်လုံးကိုမှိတ်ပြီး ပြင်ပရှိလေများကို တဝကြီးရှူရှိုက်မိ၏ ။

" သန့်ရာ ဘာဖြစ်လို့ ငါ့ကိုမပြောပြရတာလဲ ၊ တခြားသူတွေကို မပြောပြဘူးဆိုရင်တောင် ငါ့ကိုတော့ နည်းနည်းဖြစ်ဖြစ် ပြောပြသင့်တာပေါ့ ၊ မင်းသာ အဲဒီလူကို တကယ်ချစ်ရင်...တကယ်မြတ်နိုးရင် ငါဆိုတဲ့ကောင်က ရင်ကွဲခံပြီးတော့ကို ဂုဏ်ပြုပေးမှာပါကွာ "

သန့်မကြားနိုင်သော်လည်း တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်မိ၏ ။ သန်နှင့်သူ့ကြားတွင် မိုင်ပေါင်းများစွာကွာဝေးနေသလိုမျိုး လစ်ဟာနေသောအခါ စိတ်နဲ့ခန္ဓာမှာ မကြည်မလင် ။ အငိုသန်သည့်ထိုကောင်လေးကို ကြည့်မရဖြစ်ခဲ့ဖူးသလို တုတ်ဖြင့်လည်း ရိုက်ချင်စိတ်ဖြစ်ပေါ်ခဲ့သည်မှာ အကြိမ်ကြိမ်အခါခါ ။ ထိုသို့ ကြည့်မရဖြစ်ခဲ့သည့် ကောင်လေးက သူ့နှလုံးသားကိုသိမ်းပိုက်လိုက်ပုံမှာ ထိုကောင်လေးမှလွဲပြီး အခြားမည်သူကိုမှ မမြင်မတွေ့တော့သည်အထိ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now