အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း

19.2K 2.7K 61
                                    

Unicode

အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း

ဧည့်ခန်းမဆောင်အလယ်တွင် ကပြဖျော်ဖြေနေကြသော အမျိုးသမီးတစ်စုရှိနေကြသည်။

ခန်းမဆောင်ထိပ်ဆုံး အစားအသောက်များ တည်ခင်းထားသောနေရာတွင် မင်းကြီးရှိနေပြီး မင်းကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် မွေးနေ့ရှင်မယ်တော်ကြီး ရှိနေသည်။

ညာဘက်ထောင့်စွန်းထိပ်ရှိ ထိုင်ခုံများတွင် ဝမ်ရယ်ကျောက်ဟွမ်၊ တောင်ဝင်မင်းသမီး ရီရီနှင့် အမတ်အချို့ ရှိနေကြပြီး ဘယ်ဘက်ထောင့်စွန်းတွင်မူ စစ်သူကြီး၊ အမတ်ချုပ်ကြီးနှင့် အမတ်အချို့ ရှိနေကြသည်။

အမတ်များကြားထဲတွင် ရီဟွားတစ်ယောက် အေးဆေးစွာ ထိုင်နေလေသည်။ အဆင့်အရ ထိုင်ရခြင်းဖြစ်သောကြောင့် သူ ရှိသောနေရာနှင့် မင်းကြီးရှိသောနေရာသည် အတော်ကွာဝေးလှသည်။

ရီဟွား အတော်လှမ်းလှမ်းတွင် ရှိနေသော ရှင်းအား လှမ်းကြည့်နေလိုက်သည်။ ထူးဆန်းစွာပင် ရှင်းကသူ့အား ကြည့်မနေပေ။ မျက်ဝန်းများက ကပြဖျော်ဖြေနေသော အမျိုးသမီးများထံတွင် ရှိနေသည်။ ရီဟွား စိတ်တိုသွားရသည်။ ရှေ့တွင် တည်ခင်းထားသော စားစရာများအားလည်း စားချင်စိတ်မရှိတော့။

မကြာခင် အမတ်ချုပ်ကြီးသည် သူ ရှိနေသော နေရာမှ မတ်တပ်ရပ်လိုက်ပြီး သေရည်တစ်ခွက်အား မြှောက်ကိုင်ကာ မယ်တော်ကြီးဘက် ဦးတည်လိုက်သည်။

"မယ်တော်ကြီး မွေးနေ့ကို ဂုဏ်ပြုပါတယ်"

မယ်တော်ကြီးသည်လည်း ပြုံးရွှင်စွာဖြင့် သူ၏ ရှေ့ရှိ သေရည်ခွက်အား မြှောက်ပြလိုက်သည်။ ထို့နောက် နှစ်ယောက်တစ်ပြိုင်တည်း မော့ချလိုက်လေသည်။

အမတ်ချုပ်ကြီးသည် ထပ်၍ သေရည်တစ်ခွက်အား ငှဲ့ကာ မြှောက်ကိုင်လိုက်ပြီး မင်းကြီးဘက်သို့ ဦးတည်လိုက်သည်။

"မင်းကြီးကိုလည်း ကျွန်တော်မျိုး ဂါရဝပြုပါတယ်"

ရီဟွား ပွဲစကတည်းက ရှင်းအား ကြည့်နေခြင်းပင်။ ရှင်းသည် သေရည်ခွက်အား ခုထိ မထိကိုင်ရသေးပေ။ ဂါရဝပြု သေရည်အား ငြင်းခြင်းသည် ရိုင်းစိုင်းသော အလေ့အထ ဖြစ်သောကြောင့် ရှင်း သေချာပေါက် သေရည်သောက်ရပေလိမ့်မည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now