P_22 (Uni)

12.3K 2K 224
                                    

ပင်ပန်းရတဲ့ကြားထဲ မင်းကတမျိုး...တဲ့လား။ ရင်ဝကိုစောင့်ကန်ခံလိုက်ရသလိုပဲ။ ဖုန်းတဂွမ်ဂွမ်ဆက်နေတာမှန်တယ်။ ဒါပေမဲ့ သူကကိုင်လို့လား။ အခုမှကိုင်ပြီး ကိုင်ကိုင်ချင်းပြောလိုက်တဲ့စကားက တကယ်ကိုအညှာအတာမဲ့တယ်။

သူ့အမေနေမကောင်းလို့ ရွာကိုပြန်တယ်။ ကျွန်တော်လိုက်ချင်တယ်။ ဒါပေမဲ့ သူကမခေါ်ဘူး။ ငါမပါရင်မသွားရဘူးဘာညာဆိုပြီး လုပ်လို့ရပေမယ့် သူ့ကို အရမ်းနိုင်စားသလို ဖြစ်နေမှာစိုးလို့ ကျွန်တော်ဒီတိုင်းပဲနေခဲ့တယ်။ ထူးအောင်က ကျွန်တော်အရမ်းချစ်ရတဲ့လူ။ ပြီးတော့ သူကကြောက်တတ်တယ်။ တစ်ယောက်တည်း ကားစီးရတာ အဆင်ပြေရဲ့လား။ အိမ်ကိုချောချောမွေ့မွေ့နဲ့ ရောက်ရဲ့လား။ စိုးလည်းစိုးရိမ်သလို စိတ်လည်းမချတာကြောင့် ကျွန်တော်သိချင်တယ်။ အမှန်ဆို သူရောက်တာနဲ့ ကျွန်တော့်ဆီ ဖုန်းဆက်သင့်တာမဟုတ်လား။ မောင်ထူးရေ ငါတော့ရောက်ပြီဆိုပြီး။ ဒါပေမဲ့ လုံးဝမဆက်ဘူး။ အဲ့တော့ ကျွန်တော်ဘယ်လိုမှ မနေနိုင်တော့ဘူး။ ဖုန်းဆက်တော့လည်းမကိုင်တော့ ပိုဆိုးတာပေါ့။ အဆင်မှပြေရဲ့လားဆိုပြီး စိတ်တွေတအားပူလာရော။ သူ့ဘက်ကတော့ ကျွန်တော့်ကို နည်းနည်းမှကိုယ်ချင်းမစာဘူး။

အချစ်ဆိုတာ လုပ်ယူဖန်တီးလို့ရတယ်လို့ ကျွန်တော်ထင်ထားခဲ့တာ။ တကယ်က မှန်ချင်မှ မှန်မှာ။ ထူးအောင် ကျွန်တော်နဲ့အတူနေနေတာ နှစ်နှစ်ရှိပြီ။ အဲ့နှစ်နှစ်အတွင်း ကျွန်တော်သူ့အပေါ်ကို အစွမ်းကုန်ကောင်းပေးခဲ့တယ်။ သူပျော်ပါစေဆိုတဲ့စိတ်နဲ့ အရာရာအလိုလိုက်ပေးခဲ့တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော့်ကို ပြန်ချစ်လာမယ်လို့လည်း မျှော်လင့်ထားခဲ့တယ်။ အခုတော့ အဲ့မျှော်လင့်ချက်က မသေချာတော့ဘူး။

သူ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော်ထပ်ပြီး ဖုန်းမဆက်ဖြစ်ဘူး။ သူ့ဆီကလာမယ့် ​အချိန်ကိုပဲ စောင့်နေခဲ့တယ်။။ တစ်ရက်,တစ်ရက်နဲ့ အချိန်တွေသာကုန်သွားတယ် ထူးအောင်ဆီက ဘာအဆက်သွယ်မှမရခဲ့ဘူး။ ကြာတော့ ကျွန်တော် မနေနိုင်တော့။ သူ့ဆီ ဖုန်းအရမ်းဆက်ချင်နေတယ်။ ဒါပေမဲ့ အပြောခံရမှာလည်း ကြောက်သေးတာကြောင့် မဆက်ဖြစ်ဘူး။ သူ မအားလို့နေမှာပါဆိုပြီး ဖြည့်တွေးကြည့်တယ်။ တစ်ရက်ရက်တော့ ကျွန်တော့်ကို ဆက်သွယ်မှာပါပေါ့။ ဒါပေမဲ့ ထူးအောင်က အရမ်းကိုနေနိုင်လွန်းတယ်။ လုံးဝကို ဆက်မလာခဲ့ဘူး။ အဲ့တော့ ကျွန်တော် ညဘက်တွေ ကောင်းကောင်းအိပ်မပျော်တော့ဘူး။ တစ်ရေးနိုးတိုင်း ထူးအောင်များ ဖုန်းဆက်ထားမလားဆိုတဲ့စိတ်နဲ့ ဖုန်းကိုဖွင့်ဖွင့်ကြည့်နေမိတယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now