P_23 (Uni)

12.8K 1.7K 265
                                    

တစ်ယောက်စကား တစ်ယောက်နားဆိုသလိုပဲ ကျွန်တော့်သတင်းက တစ်ခန်းလုံးကို မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားတယ်။ အခန်းထဲကလူတွေ အကုန်နီးပါးက ကျွန်တော့်ကိုလှမ်းကြည့်လိုက် ခေါင်းချင်ဆိုင်ပြီးပြောလိုက်နဲ့။ တစ်ချို့လည်း ကျွန်တော့်ကိုလူထူးဆန်းလို ကြည့်သွားကြတယ်။ မိုးချိုနဲ့ဇော်နိုင်ဆို ကျွန်တော့်အနားကို လာကိုမလာကြတော့တာ။ အဲ့ဒါလည်း ကောင်းပါတယ်။ တစ်ရှုပ်ရှင်းသွားတာပေါ့။

ဒီနေ့က ကျွန်တော့်နေ့ပဲ။ အခန်းထဲကလူတွေ ဘယ်လိုပုံမျိုးနဲ့ ကြည့်ကြည့်၊ ဘယ်လိုတွေ ပြောကြပြောကြ ကျွန်တော့်ရုပ်က စပ်ဖြီးဖြီးနဲ့ ဘယ်လိုမှတည်လို့မရဘူး။ မျက်လုံးထဲမှာ အနမ်းခံပြီးပြုံးနေတဲ့ ထူးအောင်မျက်နှာကိုပဲ မြင်နေတယ်။ စိတ်ထဲမှာလည်း ဘယ်လိုမှဖော်မပြတတ်အောင် ကြည်နူးနေမိတာ။ မနမ်းဖြစ်တာကြာပြီမို့လား မသိဘူး ထူးအောင်နှုတ်ခမ်းလေးက တအားနမ်းလို့ကောင်းတာပဲ။ သူ့နှုတ်ခမ်းရဲ့အထိအတွေ့ကို အခုချိန်ထိ ခံစားမိနေသေးတယ်။ သူကြိုက်တဲ့ အုန်းသီးဇွန်းခြစ်နုနုလေးကို စားနေရသလိုပဲ။ အရမ်းနူးညံ့လွန်းလို့ ပါးစပ်ထဲရောက်တာနဲ့ အရည်ပျော်သွားမှာစိုးနေရတယ်။ တော်သေးတာတစ်ခုက ကျွန်တော်နမ်းပြီးနောက် အတန်းသွားတက်တော့မယ်ဆိုပြီး ထူးအောင်ကထွက်သွားလို့ပေါ့။ နို့မို့ဆို နှုတ်ခမ်းကိုကိုင်ပြီး ပြုံးလိုက်၊ ရင်ဘတ်ကိုဖိလိုက်လုပ်နေတဲ့ ကျွန်တော့်ကို ရူးသွားပြီလို့ထင်ရင် ထင်နေမှာ။ တကယ်လည်း ရူးနေပြီလားမသိပါဘူး။ ရယ်နေတာမရပ်တော့ဘူး။ မြန်မြန်ကျောင်းဆင်းမှပါ။ အဲ့ဒါမှ မြန်မြန်တွေ့ရမှာ။

----------***----------

ခါတိုင်းဆို ညနေကျောင်းဆင်းတိုင်း ထူးအောင်က ကားဘေးမှာအရင်ရောက်နေကျ။ ဒီနေ့တော့ ထူးအောင်မရောက်သေးဘူး။ ထူးအောင်အစား ကိုဇော်ဇော်ရောက်နေတယ်။ ကိုဇော်ဇော်က ကျောင်းကိုဘာလို့ပါလိမ့်။

"ပြုံးရွှင်လို့ပါလား..."

ကျွန်တော့်ကိုမြင်တော့ ကိုဇော်ဇော်ကနှုတ်ဆက်တယ်။
အတော်ပဲ ကျွန်တော်လည်းကြွားချင်နေတာ။ ကျွန်တော်ကြွားစရာလူကလည်း ကိုဇော်ဇော်တစ်ယောက်ပဲ ရှိတာဆိုတော့ ဒီနေ့အခန်းထဲမှာ ဖြစ်ခဲ့တာတွေအကုန်ပြောပြလိုက်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now