P_13 (Uni)

13.7K 2.2K 489
                                    

ထူးအောင်က တစ်နေ့တစ်မျိုးမရိုးရဘူး။ သင်္ချာတော်အောင်လုပ်ရမယ်ဆိုပြီး ညညဆိုကုန်းရုန်းတွက်။ မနက်စာစားရင်းနဲ့လည်းတွက်။ သီအိုရီတွေရွတ်။ တစ်ခါတလေဆို ကျောင်းပါဖျက်ပြီး စာတွေတွက်နေတယ်။
မကြာဘူး သူ့​ညာဖက်လက်က ညောင်းပြီးကိုက်ပါလေရော။ လက်ကိုက်တာတောင် ရိုးရိုးမကိုက်ဘူး။ သူ့လက်ဖြတ်ရပါတော့မယ်ဆိုပြီး တမှိုင်မှိုင်တထိုင်ထိုင်နဲ့လုပ်နေတာ။ ဘေးကကြည့်ရတဲ့ ကျွန်တော့်မှာ တကယ် စိတ်မချမ်းသာ။

စာတွေအဆက်မပြတ်လုပ်နေတော့ လှုပ်ရှားမှုများပြီး ညောင်းကိုက်နေတာပါ... ဖြတ်စရာမလိုပါဘူးလို့ ပြောလည်းမရဘူး။ အခုထိကိုက်နေတုန်းပဲမို့ ဖြတ်ရမှာသေချာတယ်တဲ့။ သူကဘယ်သန်မဟုတ်လို့ ညာဖက်မရှိရင်တော့ ဒုက္ခိတဖြစ်ပြီတဲ့။ ဘာဆေးမှဖြင့် မလုပ်ဘဲနဲ့ ပြောနေတယ်။ ဆေးရုံလိုက်ပို့ရမလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ မနေနိုင်တဲ့အဆုံး ကျွန်တော်ကပဲ အကိုက်ခဲပျောက်ဆေးတွေတိုက်၊ အညောင်းညာပြေဆေးတွေလိမ်းပေး၊ နှိပ်ပေးနဲ့ လုပ်ပေးလိုက်ရတယ်။ သူကတော့ လုပ်ပေးလို့လည်းမပြောသလို ရုန်းလည်းမရုန်းဘူး။ မျက်နှာသေနဲ့ပဲ။

နောက်နေ့အိပ်ရာထတော့ ထူးအောင်က သူ့လက်သူကြည့်နေတာ။ အံ့သြမှုအပြည့်နဲ့။ ဘာဖြစ်လို့လဲလို့ ကျွန်တော်မေးတော့ သူ့လက်ကြီးကောင်းသွားလို့တဲ့လေ။ မနေ့က ဆေးတွေလုပ်ထားမှတော့ ကောင်းပြီပေါ့လို့ ကျွန်တော်ပြန်ပြောလိုက်တော့ ဆေးလိမ်းလိုက်တာလေးနဲ့ပျောက်သွားတာ တကယ်အံ့သြစရာကြီးတဲ့ ပြန်ပြောတယ်။ အူကြောင်ကြောင်နဲ့။ မင်းတစ်ခါမှဆေးလိမ်း၊ ဆေးသောက်မလုပ်ဖူးဘူးလာဆိုတော့ မယုံလို့တစ်ခါမှမသုံးဖူးဘူးတဲ့လေ။ ကောင်းရော။

-----------------------------

ဒီနေ့တော့ထူးအောင်က အစောကြီးအိပ်သွားပြီ။ ကျွန်တော်ကတော့ အိပ်မပျော်သေး။ ပျင်းပျင်းရှိတာနဲ့ ဇာတ်ကားကြည့်ဖို့ရွေးချယ်လိုက်တယ်။ ကျွန်တော်က သတ်တာဖြတ်တာတွေ ကြည့်ရတာကြိုက်တယ်။ အဲ့ဒါကြောင့် စိတ္တဇလူသတ်ကားတွေပဲ ကြည့်ဖြစ်တယ်။ အိမ်ကတော့ကြည့်တာမကြိုက်ကြဘူး။ ထူးအောင်အိပ်နေပြီဆိုတော့ နားကြပ်တပ်ပြီးပဲကြည့်တော့မယ်။ နို့မို့ဆို အသံတွေကြားပြီး သူနိုးသွားလိမ့်မယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now