[18]' One Long Fateful Night '

4.6K 375 19
                                    

Check Zawgyi version below ⬇️

#Unicode

မိုးကုတ်စက်ဝိုင်းမှာ ခေါင်းပြူနေတဲ့ နေမင်းဟာ မကြာခင်ရောက်လာတော့မယ့် နွေဦးရဲ့တမန်တော်ပင် ။

ဆီးနှင်းတို့ရဲ့မြေ Xavia ပြည်မှာ နှင်းထုကြီးအရည်ပျော်ပြီး ဆောင်းတစ်တွင်းလုံး မြေကြီးထဲပုန်းခိုနေတဲ့ မြက်နုပင်ပေါက်ထိုးထိုးထောင်ထောင်လေးတွေကို မြင်ရတော့မည် ။ ဟိုစိမ်းစိမ်း ဒီစိမ်းစိမ်း အပင်ပေါက်များနှင့်အတူ များစွာသောပွဲတော်များလဲ နွေဦးမှာနေရာယူသည် ။

နွေဦးလို့ဆိုလိုက်တာနဲ့ ဘယ်သူ့ကိုမေးမေး စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကိုသာ ပုံဖော်ကြမှာသေချာသည် ။ မြစ်ကန်းက ပန်းချယ်ရီတွေ ... ညကောင်းကင်ယံမှာ ဆုတောင်းလွှတ်တင်ခဲ့ဖူးတဲ့ မီးပုံးဝါဝါလေးတွေ ... ဒါမှမဟုတ် မတော်တဆတွေ့ဆုံမှုလေးတွေ ၊ ပြီးတော့ အဲ့ဒီတွေ့ဆုံမှုလေးတွေကို နွေဦးတိုင်း အသစ်တဖန်လွမ်းနေတဲ့သူတွေ ... ။ ရယ်ရတာက Ash လဲ ထိုသူတွေထဲပါ၏ ။

Ash ဖြတ်သန်းခဲ့ဖူးတဲ့ ဆယ့်ကိုးခုသော နွေဦးတွေထဲမှာမှ တစ်ခုသောညလေးတစ်ညကပဲ သူ့အတွက်နွေဦးကို ကိုယ်စားပြုနေတဲ့အချက်ဟာ သိပ်ကိုဒေါသထွက်စရာကောင်းလှပါသည် ။ အဲ့ဒီတုန်းက သူဟာ ရွေးချယ်စရာမရှိပဲ ကောင်မလေးလက်ထဲ ရှုံးခဲ့သလိုပင် ... ရွေးချယ်စရာမရှိလိုက်ပဲ ထူးဆန်းသောဆွဲလမ်းမှုတစ်ခုကို ကောက်ရလိုက်သလိုပင် ။

သေချာတာတစ်ခုက ဒီခံစားချက်တွေကို သူအလိုမရှိခဲ့ပါ ။ ဒါပေမယ့် အဲဒီခံစားချက်တွေက သူ့ကိုမလွှတ်ပေးပဲ ခပ်တင်းတင်း ဖက်တွယ်ထားနေတာ ယခုအချိန်အထိ..... ။

Ash သည် ပင့်သက်တိုးတိုးရှိုက်ကာ နှင်းရည်သောက်နန်း၏ လသာဆောင်မှနေ၍ ‌ပုံရိပ်ငယ်တစ်ခု ကိုယ်ထင်ပြလာမည့်အချိန်ကို စောင့်မျှော်နေ၏ ။ Alexander ကိုလဲ ဝေးဝေးနှင်လွှတ်လိုက်တာမို့ အဖြူရောင်နန်းဆောင်ကြီးထဲ တစ်ယောက်တည်း ... ။

ဘယ်သူမှ မရှိလို့လားမသိ ... သူ့ရဲ့စိတ်တွေဟာ တိတ်ဆိတ်မှုနဲ့အသားမကျသလို ပြေးပြေးထွက်သွားကြသည် ။ အစဉ် လွမ်းမောတမ်းတခဲ့ရပါသော နွေဦးညလေးဆီသို့ ...

Days of Counting Camellia (Hiatus)Where stories live. Discover now