[44] Loving Your Enemy

3.2K 186 54
                                    

Zawgyi version is below ⬇️

#Unicode

Afa. တစ်ကိုယ်လုံး ပူ‌ကျစ်ကာ အဖျားကြီးနေခဲ့၏ ။

မိမိကိုယ်ကို ဂရုမစိုက်ရကောင်း‌လားဟု သမားတော်လေး Diego ထံမှ နားပူအောင် အဆူခံလိုက်ရသေးသည် ။ ထို့နောက် တိုက်သမျှဆေး အကုန်ကြိတ်မှိတ်သောက်ကာ ဝေဒနာတွေသက်သာသွားနိုးနိုး ... ခဏမှိန်းနေလိုက်တာ အိပ်မောကျသွားခဲ့၏ ။

ပြန်နိုးလာတော့ ရွှေဝါရောင်သံတိုင်တွေနောက်က ဖြူလွင်တဲ့ အိပ်ယာငယ်လေးပေါ် မှာ ... ။ နေတောင် ထွက်နေပြီ ။ ဧကရာဇ်၏ စက်တော်ဆောင်ထဲ Afa ပြန်ရောက်လို့နေပြီ ။ နေ့လည်က နှင်းရည်သောက်နန်း၌ အိပ်ပျော်သွားခဲ့သော Afa. အား တစ်စုံတစ်ယောက်က နေရာရွှေ့ထားပေးခဲ့ပုံပင် ။

အိပ်ယာခင်းတွေမှာ ချွေးစေးဖြင့် ခပ်စိုစိုဖြစ်နေပြီး ၊ Afa. တစ်ကိုယ်လုံးလည်း စိုနင့်နေလေသည် ။ နေရ မသက်မသာဖြစ်တာမို့ ‌နှင်းရည်သောက်နန်းကို ပြန်ပြီး ရေချိုးဖို့ ဆုံးဖြတ်လိုက်သည် ။

Afa.ရဲ့ အိပ်ယာလေးကို ကာထားသော ဇာလိုက်ကာကို ဖယ်ပြီး ၊ အပြင်မှာ သူ ရှိနေသေးလား ချောင်းလိုက်၏ ။ ခပ်လှမ်းလှမ်းမှ မြင်ရသော ဧကရာဇ်၏အိပ်ယာပေါ်မှာ ဘယ်သူမှ မရှိနေ ။ အိပ်ယာအနက်ကြီးဟာလည်း ဘယ်သူမှ လာမအိပ်ထားသလို ပြန့်ဖြူးနေတာကြောင့် နံနက်စောစောက သန့်ရှင်းရေးတာဝန်ယူသည့် နန်းတွင်းသူတွေ‌ လာရှင်းပြီးသွားပြီဖြစ်မည်ဟု ယူဆလိုက်သည် ။

ပုံမှန်ဆို Afa ဟာ ဧကရာဇ်ထက် ‌စောစောထပြီး သူ နိုးလာလျှင် အနှောက်အယှက်မဖြစ်ရအောင် ထောင့်ကလေးမှာ ပုန်းနေတတ်သည် ။ သူကလည်း ကျွန်ငယ်လေး ပုန်းနေတာ သိလျက်နဲ့ မသိချင်ယောင်ဆောင်ခဲ့၏။ ဒီနေ့တော့ သူက Afa ထက် အရင်နိုးသွားတာမို့ ပုန်းစရာမလိုတော့ပေ ။

စိတ်သက်သာရာရသွားတဲ့ Afa သည် ငှက်သိုက်လို ရှုပ်ပွနေသော ခေါင်းဖြင့် ပျော်ရွှင်စွာ လှောင်အိမ်ထဲမှ ထွက်ခဲ့လိုက်သည် ။ သို့သော် အိပ်ခန်းကြီး၏အလယ်က မြင်ကွင်းကြောင့် လူမှာ ဖြန်းခနဲ ကြက်သီးတွေ ထသွားရ၏ ။

နတ်ဆိုးသည် အိပ်မောကျလျက် ... စားပွဲခုံလေးပေါ်မှာ ... ။

သူသည် ညဝတ်အကျီတောင်မလဲထားပေ ။ ခန့်ညားသေသပ်သော အနက်ရောင်ဝတ်စုံဖြင့် စားပွဲခုံလေးပေါ်သို့ ခေါင်းတင်ကာ ထိုင်လျက် အိပ်မောကျနေသည် ။ ခုံပေါ်၌မူ စာရွက်စာတမ်းများစွာ ပွကျဲနေ၏ ။

Days of Counting Camellia (Hiatus)Where stories live. Discover now