[33]' All paths to hell are paved with good intentions '

3.9K 300 38
                                    

Scroll down ⬇️
Zawgyi version is below

#Unicode

တစ်နေ့သော ‌အာရုံဦးတွင် ဧကရာဇ်သည် ယခင်နေ့များကထက် စော‌စီးစွာ နိုးထလာကာ အတွင်းဆောင်၏ စာကြည့်ခန်းထဲသို့ တိတ်တဆိတ်ကြွမြန်းခဲ့သည် ။ ရှင်ဘုရင်အား အိပ်ဆောင်စောင့် တပ်မှူးလေး Nicole သာ ခစားခဲ့ကာ ၊ နန်းတော်ထဲမှ ဘယ်သူ့ကိုမှမနှိုးခဲ့ ။

ထိုသို့ စာကြည့်ခန်းသို့ လျှို့ဝှက်စွာ ရောက်ရှိလာပြီး နန်းတော်အပြင်မှ လူသုံးယောက်ကို Nicole မှတဆင့် အခေါ်တော်ပါးခဲ့သည် ။ စက်တော်ဆောင်၏ တံခါးဝကိုသာ စောင့်ကျပ်သည့်အလုပ်တစ်ခုတည်းကိုသာ ‌‌သေချာလုပ်တတ်သော တပ်မှူးလေးမှာ နေမမြင်ရသေးတဲ့ အချိန်တည်းက နန်းတော်ထဲ လူမမြင်အောင် ခိုးကြောင်ခိုးဝှက် ဟိုပြေးဒီပြေး ဖြစ်ရလေသည် ။

Nicole ၏ တာဝန်ကျေမှုဖြင့် တော်ဝင်စာကြည့်ခန်းသို့ နက်ပြာနှင့်အနက်စပ်သော ဝတ်ရုံကိုဝတ်ဆင်ထားတဲ့ အသက်နှစ်ဆယ်ကျော် ယောင်္ကျားတစ်ယောက် ရောက်ရှိလာသည် ။

ထိုသူ၏ ခြေလှမ်းများမှာ လွန်စွာလျင်မြန်လှပါသော်လည်း အသံတစ်စက်မှမထွက် ။ အတွင်းဆောင်၏ ပြောင်ရှင်းသောကြွေပြားဖြူများပေါ်သို့ ပုစဉ်းရင်ကွဲတစ်ကောင် ‌ယှက်ပြေးသွားနေသလိုပင် ... လျင်မြန်‌သလောက် ညှင်သာ၏ ။

* ဒေါက် ဒေါက် *

စာကြည့်ခန်းဝသို့ရောက်လျှင် တံခါးမကြီးပေါ်သို့ လက်ဆစ်ဖြင့် နှစ်ချက်ခေါက်လိုက်သည် ။

Ash : " ဝင်ခဲ့ "

ခွင့်ပေးသည်နှင့် ထိုယောင်္ကျားမှာ တုံ့ဆိုင်းမနေပဲ တံခါးလက်ကိုင်ကိုလှည့်ကာ အခန်းထဲ ဝင်လိုက်တော့သည် ။

အခန်း၏ အဝင်အဝနဲ့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတွင် စာရွက်စာတမ်းများ အထပ်လိုက်ပုံနေသည့် စာရေးစားပွဲတစ်လုံး တည်ရှိကာ ၊ ၎င်း၏အနောက်တွင် အာခံတွင်းမှ မီးတောက်များကို မှုတ်ထုတ်ရင်း လေပေါ်ဆန်တက်နေသည့် နဂါးနက်ကြီး‌သဏ္ဌာန် ပန်းချီကားတစ်ချပ် နံရံတွင် တခမ်းတနားချိတ်ဆွဲထားသည် ။

ကြည်ပြာရောင် မျက်ဝန်းများ တစ်ချက် မှေးကျဉ်းသွားကာ အသက်ဝင်လှသော ပန်းချီကားအား မျက်နှာလွှဲလိုက်သည် ။ ထိုအရာသည် အရှင်သခင် နန်းတက်စဉ်က သံတမန်တစ်ယောက်မှနေ၍ လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သခဲ့သော ပန်းချီတစ်ချပ်ပင် ။

Days of Counting Camellia (Hiatus)Where stories live. Discover now