[32]' Her Warm body '

5.5K 373 105
                                    

Scroll down ⬇️
Zawgyi version is below

#Unicode

Laplace တောင်တန်းများ‌ပေါ်မှာ တစ်ညလုံး ဆီးနှင်းတဖွဲဖွဲ ရွာသွန်းဖြိုးနေခဲ့သည် ။

ဆောင်းဥတုတွင် လက်သီးဆုပ်လောက် နှင်းခဲတွေကိုတောင် ခြွေချလေ့ရှိသော မိုးကောင်းကင်ပဲမို့ , နွေဦးမှာ ဖွဲပြာလောက် ပါးလွှာပျော့ပျောင်းတဲ့ နှင်းများအား ဖြန့်ဝေခြင်းကို အပြစ်တင်လို့မရ။ ညှင်သာ‌ပေးလို့ ကျေးဇူးတောင်တင်ရဦးမည် ။ ဒါဟာ အအေးပိုတဲ့ Xavia ပြည်မို့ ... ။

သန်းခေါင်ယံ၏ နက်ပြာသော ဝေဟင်ထပ်မှာလဲ ကြယ်တမှုန် ၊ လတစ်ဆင်းမျှမရှိပေ ။ တောင်ကြားထဲ တဖြူးဖြူးတိုက်ခတ်နေသော လေအေးများသည် လျှိုမြောင်များ၊ လိုဏ်ဂူများထဲ တိုးဝင်သွားတဲ့အခါ ကျောချမ်းဖွယ် ပဲ့တင်သံတို့ကိုပြု‌လေသည် ။ ဖြူဖွေးသော ဆီးနှင်းပြင်ကြီးမှာမူ ထိုအသံများနှင့် အသားကျနေသည့်အတိုင်း လှုပ်ရှားမှုမရှိ ၊ အိပ်မောကျလျက် ... ။

မည်းမှောင်နေသောမြေပြင်၌ ဂူတစ်လုံး၏အဝမှ ဝါကျင်သော မီးရောင်ဖျဖျလေးတစ်ခုသာ အသက်ဝင်နေလေသည် ။ ဂူအပြင်မှ လောကကြီးသည် ထင်းမီးပုံလေး၏ ဝါနွေးသောရောင်ဝါအောက်မှ လူသားနှစ်ယောက်အား မနှောက်ယှက်ရက်သည့်အလား ငြိမ်သက်နေ၏ ။

မီးစွဲနေသည့် ထင်းပိုင်းများသည် တစ်ခုနှင့်တစ်ခုအမှီပြုကာ ထောင်မတ်တည်ငြိမ်နေရင်းမှ ၊ အချိန်နှင့်အမျှ လောင်စားသွားသည့်အခါ 'ထောက်ခနဲ' အသံပြု၍ လဲပြိုသွားကြသည် ။ ရံဖန်ရံခါ နှင်းရည်စို့နေတဲ့ ထင်းပိုင်းများမီးထိလျှင် ထပေါက်ကာ တ‌ဖောက်ဖောက်အသံလေးတွေ မြည်နေတတ်သည် ။

တိုသွားပြီဖြစ်တဲ့ ထင်းချောင်းကို ဖြူသွယ်သောလက်တစ်စုံက မီးထဲ ထပ်မံထိုးသွင်းလိုက်သည် ။ နက်မှောင်သည့် မျက်ဝန်းကြည်ထဲမှာ ယိမ်းကနေသော မီးတောက်ဝါဝါတို့ ထင်ဟပ်နေလေသည် ။

အဖျားတက်ကာ တဆတ်ဆတ်တုန်ယင်လျက် ချွေးဖြိုင်ဖြိုင်ထွက်နေသော ခန္ဓာကိုယ်လေးသည် သူ့ရင်ခွင်ထဲ ပျော့ခွေနေ၏ ။ နှာပိတ်နေတာမို့ အသက်ကို ပါးစပ်ဟကာ သူမ ခက်ခက်ခဲခဲရှူနေသည် ။ တချက်တချက် မျက်ရည်ပူတွေဖြင့် တအိအိငိုရင်း ‌ယောင်ယောင်ယမ်းယမ်း စကားတွေပြောနေတတ်သေး၏ ။

Days of Counting Camellia (Hiatus)Where stories live. Discover now