[43] Love turns into Lust

3.2K 198 36
                                    

Scroll down ⬇️ Zawgyi version is below.

#Unicode

စိမ်းစိုသော နွေဦးသစ်တောထဲ ...
ရှဉ့်ညိုကလေးတစ်ကောင် ခုန်ပေါက်‌သွားနေ၏ ။

နက်မှောင်သော ကျားသစ်နက်တစ်ကောင်က သစ်ချပင်ပေါ်မှာ ... ။

ထူထဲသော အကိုင်းအခက်တွေ ကြားမှ နေရောင်ဖြောက်ဖြောက် ထိုးဖြာကျလို့နေသည် ။ အပူအအေးမျှ‌သော နေရာဒေသမို့ တောပန်းတို့က နီနီဝါဝါစုံလင်လှသည် ။ လေပြည််ညှင်းလေး ယှပ်တိုက်သွားတိုင်း ‌‌သစ်ရွက်စိမ်းတို့ မြည်သံ‌လေးများပြုရင်း ယိမ်းကာက၏ ။

လှုပ်ခတ်ကြွေလွင့်သွားတဲ့ သစ်ရွက်‌ခြောက်တွေနှင့်အတူ မျက်ဝန်းအနက်တစ်စုံဟာ နောက်ကျောလေးတစ်ခုထံ ကပ်ပါလို့သွားလေသည် ။ ကြည့်နေရင်း တဖျတ်ဖျတ်ခါနေတဲ့ နှလုံးသားဟာ နောက်တစ်ကြိမ် လေတိုက်လျှင် ကြွေခမယ့် သစ်ရွက်ခြောက်လေးတွေပမာ သစ်ကိုင်းခက်ကို မရမက တွယ်ထားကြလျက်... ။ ကြွေစေသူတရားခံသည်က ဘယ်အရာကိုမှ ဂရုမထားပဲ လွတ်လပ်စွာပျော်မြူးနေတဲ့ သေးကွေးသော ထိုသတ္တဝါလေး ... ။

လက်ထဲ၌ လိမ်းဆေးဘူးလေးတစ်ဘူးကို သူ ကျစ်ကျစ်ဆုပ်ထားရင်း သူမအား ငေးမောနေမိသည် ။

တရံသောညအခါက တွေ့ဆုံခဲ့ပြီး စခဲ့တဲ့ရေစက်သည် လပေါင်းများစွာ ကြာမြင့်ခဲ့သည်အထိ မပြတ်နိုင်ခဲ့ ။ သူမအပေါ် ကျေးဇူးတရားနှင့် အသက်ကြွေး ရှိခဲ့သည်မို့ ချက်ချင်းဆပ်ရန် နောက်တစ်နေ့ ပြန်လာခဲ့သော်လည်း ၊ သူရဲဘောကြောင်စွာ အနားမကပ်ရဲခဲ့ပါ ။ ဟိုချောင် သည်ကြားကနေ ငေးရင်း ... တွေဝေရင်း ... ။

နံနက်စောစောထတတ်တဲ့ သူမ ။ နေ့လည်ခင်း တရေးတမောအိပ်တတ်တဲ့ သူမ ။

မြက်ခင်းနုနုပေါ် ‌ဖိနပ်မပါပဲ ‌တက်ကြွစွာ ပြေးလွှားနေတတ်တဲ့ သူမ ။ လမိုက်ညတွေမှာ ‌ငူငိုင်နေတတ်တဲ့ သူမ ။

တခါတရံ နတ်သူငယ်လေးလို ၊ တခါတရံ ရှားပါးသတ္တဝါငယ်လေးလို ... ။ သူမရဲ့ တည်ရှိမှုမှာ သေးငယ်သော်လည်း သိပ်ဆန်းကြယ်နေ လေ၏ ။

ပထမတော့ စိတ်ဝင်စားလို့ စူးစမ်းခဲ့ရာမှ ၊ အသိတရားဝင်လာချိန်မှာ ရပ်မရပဲ ရှိခဲ့ပြီ ။

Days of Counting Camellia (Hiatus)Where stories live. Discover now