🍯 (၉)

507 108 2
                                    

Unicode

အားရပါးရပြောလို့ဆိုလို့၊ထုလို့ဝမှာ သူ့လက်ထဲကမျက်မှန်ကိုဆွဲယူပြီးထွက်လာခဲ့တာ တချက်တောင်ပြန်လှည့်မကြည့်ဖြစ်။အိမ်ရောက်တော့လည်း မေမေကဇာတ်လမ်းတွဲအပေါ် အာရုံစိုက်နေတာမို့ ပြန်လာပြီလားလို့မေးတာကလွဲရင် လှည့်တောင်မကြည့်တာကြောင့် ကိုယ်ရုပ်ပျက်ဆင်းပျက်ငိုထားတာတေွလည်း မသိလိုက်။
နောက်တနေ့မနက်ခင်းမှာလည်း ပုံမှန်အတိုင်း အိမ်သန့်ရှင်းရေးလုပ်၊ခြံဝန်းသန့်ရှင်းရေးလုပ်၊နေ့လည်နေ့ခင်းဆို အိုင်ရင်းလာလည်ရင် စကားပြော၊မေမေခိုင်းလို့ မြို့ထဲသြားနဲ့၊ပုံမှန်နေ့ရက်လိုပဲ။တစ်ရက်ပြီးတော့နောက်တစ်ရက်..
ဒါပေမဲ့ တမျိူးပဲ၊ဟာတာတာခံစားချက်ကြီး။အရင်ကဆို ဘယ်သြားသွားတမင်တကာတိုက်တိုက်ဆိုင်ဆိုင်တွေ့နေတဲ့လူက ခုသူတို့အိမ်ရှေ့ကို တနေ့နှစ်ခေါက်လောက်ဖြတ်နေတာတောင် အရိပ်အယောင်မမြင်။မျက်လုံးရှေ့ပေါ်မလာတာ အာရုံနောက်သက်သာပေမဲ့ ဘာနေနေအမြဲတွေ့နေကြမို့ မတွေ့မိတော့တမျိူးဖြစ်တာပေါ့။လူဆိုတဲ့အမျိူးက ကိုယ့်ရန်သူဆိုရင်တောင် အမြဲထောင့်စေ့အောင် အကဲခတ်ကြည့်ချင်နေကြတာမလား။အဲ့ဒီကောင်ကလေးက ဒေါသထွက်၊စိတ်တိုချင်စရာကောင်းပေမဲ့ ကျွန်တော့်ရန်သူအဆင့်တော့မဟုတ်ပါဘူး။
ဧကန္တအဲ့နေ့ကပြောလိုက်တာများတော်တော်လွန်သွားလို့များလား။ဆဲတောင်ဆဲမိလိုက်သေးတယ်ထင်သည်။ကျွန်တော်ကအဲ့လိုပဲ စိတ်တိုလာရင် ကမူးရှုးထိုးနဲ့ဘာမှမြင်တော့၊တေွးတော့တာမဟုတ်ဘူး။ဒါပေမဲ့ အဲ့နေ့ကလည်းသူလွန်တာကအမှန်ပဲကိုး။မတော်လို့ မြောင်းထဲပြုတ်ကျပြီး ကျိူးပဲ့ဖြစ်သွားရင်ဘယ်လို့လုပ်မလဲ။ခြေကျိူး၊လက်ကျိူးတာက ကိစ္စမရှိဘူး။ငယ်သေးတဲ့အရွယ်မို့ အရိုးတွေပြန်ဆက်ဖို့အချိန်မြန်သည်။မြောင်းပေါင်(ဘောင်)နဲ့ဆောင့်မိပြီး သွားသာကျိူးကြည့်၊ ကျွန်တော့်တသက်လုံးလူဖြစ်ရှုံးတော့မှာ။ဒီလောက်ချောမောခန့်ညားနေတာတောင် ဘယ်မိန်းကလေးကမှမကြိုက်တာ။ရှေ့သွားနှစ်ချောင်းကျိူးပြီး၊ စကားပြောတိုင်းသာ လေထွက်နေရင် သာလို့ဆိုးနေမှာ။
တော်ပြီ၊တော်ပြီ။အဆိုးတွေမတွေးချင်တော့ဘူး။စိတ်ကုန်ပြီးလက်လျှော့သွားလည်းအေးတာပဲ။အာရုံနောက်စရာတစ်ယောက်လျော့သည်။ပြီးရင် အဲ့ကောင်ကလေးက လက်ရဲဇက်ရဲနဲ့။ကိုယ်ကလည်း အရေးအကြောင်းတစ်ခုခုဆိုတာနဲ့ စပါးကြီးမြေွရှေ့ရောက်သွားသလို ခြေကုန်လက်ပန်းကျပြီး ဘာမှခုခံနိူင်တာမဟုတ်။ဒီလောက်နဲ့လက်လျှော့သွားတာပဲအေးသည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now