🍯 (၂၄)

375 77 3
                                    

Unicode

မနေ့ကကိစ္စကိုပြန်တွေးကြည့်တော့ နည်းနည်းကကျိုးကကြောင်နိူင်သလိုထင်ရပေမဲ့ပျော်ဖို့တော့ကောင်းသား။ပုံမှန်ဆိုကျွန်တော်စိတ်ဆိုးရင် အနည်းဆုံးနှစ်ရက်လောက်ကြာတတ်တာ။အချော့ခံရဖို့နေနေသာသာ၊တခါတလေဆိုကိုယ်စိတ်ဆိုးနေလို့စိတ်ဆိုးနေမှန်းတောင် သိကြတာမဟုတ်ဘူး။နောက်ဆုံးကျကိုယ်ဘာသာကိုယ်စိတ်ဆိုးပြေလိုက်ရတာချည်းပဲ။
ကောင်ကလေးက စိတ်တိုဖို့ကောင်းအောင်လုပ်တတ်ပေမဲ့ ပြန်လည်းချော့တတ်သလို၊ကျွန်တော်ဘာဖြစ်နေသလဲအရိပ်တကြည့်ကြည့်နဲ့ဆိုတော့ အင်း..စိတ်ထဲမှာတစ်မျိူးလေးပေါ့။

ပထမဆုံးဒိတ်မှာတင် ရည်းစားဘဝဆိုတဲ့အနှစ်သာရကိုကောင်းကောင်းသိလိုက်သလိုပဲ။အော်..ရည်းစားထားရတာဒါမျိူးပါလားဆိုပြီးပေါ့။စိတ်အခန့်မသင့်၊စိတ်မကြည်စရာတွေတွေ့မယ်၊ပြန်အဆင်ပြေမယ်။ဟိုစကားရှိတယ်လေ၊ဘာတဲ့...ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတာ။ပြန်ချစ်တယ်ဆိုလို့ကောင်ကလေးအပေါ်ထားတဲ့ကျွန်တော့်ရဲ့သဘောထားကို ပြန်သုံးသပ်ကြည့်မိတော့လည်း တိတိပပအဖြေမရဘူး။မသေချာပေမဲ့မချစ်ဘူးလို့ထင်တာပဲ။ခေတ်ကာလအရ အတွဲတွေကလည်းသူတို့အချင်းချင်းချစ်ပြ၊ကြိုက်ပြတာကို တခြားသူတွေမုဒိတာပွားအောင် ဒါမှမဟုတ်မနာလိုအားကျအောင် အပြိုင်အဆိုင်ချပြနေတဲ့ခေတ်မှာ ညဖက်တွေတိုင်းရည်းစားမရှိလို့ အထီးကျန်ကြတာလူတိုင်းဖြစ်နေတဲ့ခေတ်ကြီးမို့၊ ပြီးတော့ကျွန်တော်ကလည်း လူထဲကလူမို့ အမြဲတမ်းမဟုတ်တောင်ရံဖန်ရံခါတော့လူလူသူသူအချစ်ကလေးလိုချင်မိတာတွေရှိ၏။
ခုကလည်း ရေငတ်တုန်းရေတွင်းထဲကျသလိုပဲ၊ ရည်းစားထားရင်ကောင်းမလားလို့တွေးမိတဲ့ကာလမှာ ကောင်ကလေးလာကြိုက်တာနဲ့တိုးသည်။ဒါပေမဲ့ လာကြိုက်တုိင်းပြန်ကြိုက်တာလားဆိုတော့လည်းမဟုတ်ဘူး။ကောင်ကလေးရဲ့ပုံစံကိုကလက်ခံချင်စရာကောင်းနေလို့၊ နောက်ပြီးတော့ကောင်ကလေးကမကောင်းတဲ့အချက်တွေအများကြီးရှိရင်တောင် ကျွန်တော့်ကိုသက်တောင့်သက်သာဖြစ်စေသည်။အဲ့တာက အမူအကျင့်တွေနဲ့မဆိုင်ဘူး။ကျွန်တော့်ရဲ့အကျင့်တစ်ခုက အပေါင်းအသင်းအသစ်ပေါင်းမယ်ဆိုရင်တောင် ကိုယ်နဲ့အရမ်းအလှမ်းကွာဝေးနေတယ်ထင်ရင် အဲ့လူကိုခင်မိရင်တောင်လက်လျော့လိုက်တာမျိူး။ဥပမာ ကိုယ်ကအေးအေးဆေးဆေးအိမ်နေချင်တဲ့လူ၊အသုံးအဖြုန်းလျှော့ချတတ်လူဆိုပါစို့၊တဖက်ကပွဲလမ်းသဘင်တွေနှစ်သက်ပြီး အကောင်းဆုံးမှသုံးချင်ဖြုန်းချင်တယ်ဆိုရင် အဲ့လူနှစ်ယောက်ကရေရှည်ပေါင်းသင်းဖို့အဆင်မပြေဘူးလို့ကျွန်တော်ကတွေးလိုက်ရော။ဒါကရုပ်ပိုင်းဆိုင်ရာသီးသန့်ကိုပြောတာ။အတွေးအခေါ်ဘာညာကရှိသေးသည်။တခါတလေကျရင် အယူအဆမတူလည်းစကားပြောလို့ကောင်းတဲ့လူတွေရှိပေမဲ့ တခါတလေကျရင်တော့ အယူအဆတူတောင်စကားပြောလို့အဆင်မပြေတဲ့လူတွေရှိတတ်သည်။အဓိကတော့ ကောင်ကလေးနဲ့ဆုံတိုင်း၊စကားပြောတိုင်း အမှားပါသွားမလားဆိုတဲ့ရှိန်နေမှုတွေ၊ ကို္်ယ့်အစစ်အမှန်ကိုတစ်လွှာဖုံးပြီးဆက်ဆံနေရတာတွေလုပ်ပေးနေစရာမလိုဘူး။ဆဲတတ်တဲ့လော်ယွင်ရှီးပဲဖြစ်ဖြစ်၊အူပုပ်တဲ့လော်ယွင်ရှီးပဲဖြစ်ဖြစ်၊အကျင့်မကောင်းတဲ့လော်ယွင်းရှီးပဲဖြစ်ဖြစ် ကျွန်တော့်မျက်နှာတစ်လွှာခွာချလိုက်တိုင်း ကောင်ကလေးက‘အစ်ကိုကချစ်စရာကြီး’ဆိုတဲ့မှတ်ချက်ပဲပေးသည်။တကယ်ဟုတ်၊မဟုတ်မသိတောင် ဒါကကျွန်တော့်ကိုကျေနပ်စေသည်။ဒါက ကောင်ကလေးကိုကျွန်တော့်အနားမှာထားရခြင်းရဲ့သက်တောင့်သက်သာဖြစ်မှုတစ်ရပ်ပဲ။
မချစ်ဘဲနဲ့ကိုယ်အဆင်ပြေရာကိုပဲကြည့်ပြီးတစ်ဖက်ကိုဒုက္ခပေးနေသလားထင်ကောင်းထင်နိူင်ကြပေမဲ့ ဒါကကိုကျွန်တော့်အစစ်အမှန်ပဲ။ကျွန်တော်ကမင်းသားလေးမဟုတ်ဘူး။နည်းနည်းအတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တတ်တဲ့လူ။ဒါပေမဲ့ ကောင်ကလေးအပေါ်မှာသီးသန့်လှည့်စားနေတာမျိူးတော့မဟုတ်ပါဘူး။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now