🍯 (၃၁)

311 67 4
                                    

Unicode

ရှေ့ကမြင်ကွင်းကိုကြည့်ပြီး မီတာတစ်ရာလောက်ပြေးလာရတဲ့လူရဲ့မောခြင်းမျိူးနဲ့မောသွားရသည်။
ဒီလိုမှန်းသာကြိုသိခဲ့ရင် မေမေတနေကုန်အိမ်မှာမရှိတဲ့အကြောင်း လျှာရှည်ပြီးကျွန်တော်ပြောမိမှာမဟုတ်ဘူး။တစ်ကောင်တည်းရှိရင်တောင် လျှာထွက်အောင်ထိန်းရခက်တဲ့မျောက်တွေက ခုတော့တမင်တကာတိုက်ဆိုင်ပြီးနှစ်ကောင်ဆုံနေသည်။

“ယွင်ရှီး  အပေါ်ဆင့်က baking sodaယူပေးစမ်း။အဲ...vanilla essence  ပါရှိရင်တခါထဲပေး”

အနောက်ကိုဖြတ်ကနဲလှည့်ကြည့်ရင်း ခိုင်းမယ့်သူမြင်တယ်ဆိုတာနဲ့တရစပ်ခိုင်းတော့သည်။မီးဖိုခန်းတစ်ခုလုံးလည်း သုံးလက်စပစ္စည်းပေါင်းစုံနဲ့ရှုပ်ပွနေတာ ခြေချစရာနေရာတောင်မရှိတော့။

“ငါယူပေးမယ်လေ”

“မောင်လေးကအေးအေးဆေးဆေးနေစမ်းပါ။လက်ကဒဏ်ရာရထားတာကို။ဟိုကောင်ယူပါလေ့စေ”

နှစ်ယောက်သားအတိုင်းအဖောက်ကိုညီနေရောပဲ။
အိမ်မှာမေမေမရှိဘူးလို့ပြောလိုက်တယ်ဆို အလင်းရဲ့အလျင်လိုပဲ နှစ်ယောက်သားရှေ့ဆင့်နောက်ဆင့်ရောက်ချလာတာ။အိုင်ရင်းမကလည်း ကိတ်ဖုတ်စားမယ်ဆိုပြီး အထုပ်တွေသယ်လာသလို၊ ဟိုကောင်ကလေးကလည်း ဘယ်လောက်တောင်လောနေသလဲမသိ၊ဖိနပ်ကဆင်တစ်ဖက်ကျွဲတစ်ဖက်။စရောက်တယ်ဆို နှစ်ယောက်သားဘယ်လား၊ဘာလားဆိုတဲ့ပုံနဲ့ ဘုရှိုးရှိုးကြသေးသည်။ကျွန်တော့်ကိုလည်း နှစ်ယောက်စလုံးကိုခေါ်တာမပြောဘူးဆိုပြီးဖိဟောက်သေး၏။
ခုတော့ ကျွန်တော်ကဘေးလူဖြစ်ပြီး နှစ်ကောင်သားရွှန်းရွှန်းဝေအောင်တည့်နေတော့တာပဲ။တစ်ယောက်က အိုင်ရင်း၊တစ်ယောက်ကကျမောင်လေးတဲ့။သူဟာနဲ့သူတော့ဟုတ်နေတာပဲ။ကိုယ့်ထက်အကြီးကိုဘာလို့ နာမည်တပ်ခေါ်တာလဲ၊မမဖြင့်မမခေါ်ပေါ့ဆိုတော့လည်းမရ။နောက်ဆုံးရောင်းသူဝယ်သူအဆင်ပြေနေတာမို့ ကြားကဝင်မနာတော့ဘဲဘေးရှောင်နေလိုက်တော့သည်။

Sodaနဲ့ vanillaဘူးကို kitchen counterပေါ်ခပ်ပြင်းပြင်းချလိုက်တော့ နှစ်ကောင်သားပြိုင်တူလှည့်ကြည့်၏။ပြီးတော့ တဟီးဟီးတဖြီးဖြီးနဲ့ ဘာမှမသိသလို၊မမြင်သလိုပြန်လှည့်သွားကြသည်။ဒီကောင်တွေ ကျွန်တော်မကြည်တာသိရဲ့နဲ့ သီးသန့်ကိုမျက်နှာပြောင်တိုက်နေကြတာ။နဂိုကတည်းကအရှက်မရှိ၊အမှတ်မရှိတွေဆိုတော့ နှစ်ယောက်ဆုံသွားတော့ပြောနေစရာပင်မလိုတော့။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now