🍯 (၁၉)

387 84 1
                                    

Unicode

မနေ့ညကကိစ္စကို သွေးအေးအေးနဲ့ပြန်စဥ်းစားကြည့်လိုက်တော့ တစ်ခါစဥ်းစားတိုင်းတစ်ခါပိုရှက်ရသည်။ကောင်ကလေးကတော့ ဘာမှမဖြစ်သလိုပါပဲ။အငှားကားသွားငှား၊ပြီးတော့ကျွန်တော့်ကိုတွဲတင်ပြီး အနီးဆုံးဆေးခန်းကို မောင်းခိုင်းရတာနဲ့၊ကားပေါ်မှာလည်း ကျွန်တော့်ခြေထောက်ကို ခဏခဏငုံ့ကြည့်ရတာနဲ့ အားကိုမအားဘူး။ကျွန်တော်ကသာရှက်နေတာ။တကယ်ဆိုလည်း ရှက်စရာကြီးပဲလေ။ကိုယ်ကအရှက်မရှိပြောလိုက်တာတောင် တဖက်ကအဖက်လုပ်မခံရတာ။ဒါပေမဲ့အကြာကြီးရှက်နေချိန်မရခဲ့ဘူး။အနာကိုဆေးကြော၊ဆေးထည့်၊ပတ်တီးစည်းပြီးအချိန်ကိုက်မှာပဲ အိုင်ရင်းကပြူးပြူးပြာပြာနဲ့ ရောက်ချလာလို့လေ။ကျွန်တော်ဆေးခန်းပြနေတုန်း ဟိုကောင်ကလေးကဖုန်းဆက်လိုက်လို့ ရောက်လာတာတဲ့။ရောက်လာတယ်ဆို ထပ်တလဲလဲတောင်းပန်သည်။ပြီးတော့မျက်ရည်တစမ်းစမ်းနဲ့ စကားဆယ်ခွန်းပြောရင် ဆယ့်သုံးခွန်းက‘သူ့အမှား’ဆိုတာပါနေတာမို့  မသက်သာတဲ့နောက်ဆုံး ကိုယ်ကပဲပြန်ချော့ခဲ့ရတာ။အနားကလည်းလုံးဝမခွာ၊ဘေးကသူ့လူကိုတောင် ဂရုစိုက်ဖို့မအား၊တချိန်လုံးကျွန်တော့်ကိုပဲကြည့်နေတာမို့ ကြားကအားနာသလိုပင် ဖြစ်လာတဲ့အထိ။နောက်ပြီးတော့ ဆေးခန်းကနေ အိမ်တန်းပြန်ဖြစ်တာပဲ။အိုင်ရင်းကဘေးကတကြည့်ကြည့်ကပ်နေတာမို့ ကားရှေ့ခန်းကကောင်ကလေးကိုလည်း စကားပြောဖို့အခွင့်မကြုံ။အခွင့်ကြုံခဲ့ရင်လည်း မပြောချင်ပါဘူး။ဘာလို့ဆိုကျွန်တော်ရှက်နေတာမို့လေ။ပြီးတော့ ဆေးခန်းကနေကားပေါ်ရောက်တဲ့တလျှောက်လုံးလည်း ကောင်ကလေးကို မျက်နှာချင်းဆိုင်မကြည့်ဖြစ်ဘူး။အိမ်ရောက်တော့လည်း အိုင်ရင်းရဲ့စိုးရိမ်ကဲကဲအပြုအမူတွေကြောင့် မေမေကပါစိုးရိမ်တကြီးဖြစ်နေတာမို့ ချော်လဲလို့ခလုတ်တိုက်ရုံသာဖြစ်ကြောင်း၊ခြေမကွဲသွားရုံလောက်သာဖြစ်ကြောင်း အမြုပ်ထွက်မတတ် ရှင်းပြရသေးသည်။ခြေထောက်ကအနာရှိန်က ဘယ်ရောက်လို့ဘယ်ပျောက်မှန်းမသိ၊ ပါးစပ်ကောမေးရိုးတွေပါ ညောင်းချိလာတဲ့အထိ။

ဆိုတော့ ညကကောင်ကလေးဘယ်အချိန်ပြန်သွားသလဲဆိုတာပင် မသိလိုက်။ခုမနက်လင်းတော့လည်း လူကိုယ်တိုင်လာဖို့နေနေသာသာ smsလေးတစ်စောင်လောက်နဲ့တောင် သာကြောင်းမာကြောင်းမေးဖော်မရဘူး။စိတ်ပျက်သွားတာပဲနေမှာပေါ့။ကျွန်တော့်လိုပေါ့တိပေါ့ပျက်၊ဖရိုဖရဲဆန်တဲ့လူကို ရေရှည်ကြိုက်ဖို့ဆိုတာ ဖြစ်နိူင်စရာမှမရှိဘဲ။ပြီးရင် အရှက်မရှိချီခိုင်းလိုက်တာကြောင့်လည်း အထင်သေးသွားတာဖြစ်နိူင်တာပဲ။ယောကျာ်းလေးတွေက ခက်ခဲတဲ့အရာတွေမှ ကြိုးစားပြချင်ကြတာ။လွယ်ကူရင် စိတ်ဝင်စားတာမဟုတ်ဘူး။ဒါပေမဲ့ အစတုန်းက သူစိတ်ဝင်စားအောင် ကျွန်တော်ကခက်ခဲပြနေတာလည်း မဟုတ်ပါဘူး။ဒီတိုင်းပိုင်စိုးပိုင်နင်းဆန်တဲ့သူ့ပုံစံကို အမြင်ကပ်လို့ သီးသန့်ဘုဘောက်လုပ်နေခဲ့တာ။
-
-
-
နာရီပြန်တောင်နှစ်ချက်ထိုးနေပြီ။ဖုန်းကတော့ ရေခဲသေတ္တာအခဲခန်းထဲထည့်ထားပြီးထုတ်လာတဲ့အတိုင်း အေးစက်စက်နဲ့ငြီးငွေ့ဖွယ်အခြေအနေ။အိုင်ရင်းကတော့ သူလာရမလားလို့ဖုန်းလှမ်းဆက်သေးပေမဲ့ ဧည့်သည်လည်းရှိသေးတာမို့ မလာနဲ့အဆင်ပြေတယ်လို့ပဲပြောလိုက်တာ။တကယ်ကအိုင်ရင်းကိုလာစေချင်တယ်။သူပြန်ရောက်ကတည်းက သီးသီးသန့်သန့်မတွေ့ရသေးလို့လေ။ပြီးတော့သူ့ဧည့်သည်...သူ့ဧည့်သည်ဆိုလို့အိုင်ရင်းနဲ့ကျွန်တော်နဲ့ဆက်ဆံရေးကို နားလည်ပါ့မလားတောင် စိုးရိမ်မိသွားသည်။ညကအိုင်ရင်းဖြစ်ပုံက မသိတဲ့လူဆိုတမျိုးမြင်ချင်စရာ။နေပါဦး..ဟိုကောင်ကလေးကရော၊ကျွန်တော်နဲ့အိုင်ရင်းကို အထင်လွဲသွားတာများလား။
အဲ့လိုတွေးမိလိုက်တော့လည်း အထင်လွဲတော့အရေးလားဆိုတဲ့ကျွန်တော့်ရဲ့ဘုကလန့်အဖျက်အတွေးက ဝင်လာပြန်သည်။ဒါပေမဲ့ အဲ့အတွေးအတွက် ချေပချက်တစ်ခုကို ကျွန်တော်ချက်ချင်းပေးနိူင်ပါတယ်၊အဲ့တာက တခြားလူဆိုကိစ္စမရှိဘူး။အိုင်ရင်းဖြစ်နေလို့ကို မထင်သင့်တာမထင်ရအောင် ဆိုတာပေါ့။အတွေးရသွားတာနဲ့တပြိုင်နက်အိပ်ရာပေါ်က ထရပ်လိုက်မိသည်။
-
-
-
ခြံတံတိုင်းမြင့်မြင့်ကြီးရှေ့ကို ရောက်နေတာဆယ်မိနစ်လောက်ကြာတဲ့အထိ ဘဲလ်ကိုတီးသင့်မတီးသင့် ကျွန်တော်မဆုံးဖြတ်နိူင်သေး။ပြန်လိုက်ရင်ကောင်းမလားလို့လည်း တွေးမိတာအကြိမ်ကြိမ်။နောက်ဆုံးတော့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး ခြံတံတိုင်းပေါ်ကဘဲလ်ကို နှိပ်လိုက်သည်။
ခဏပါပဲ၊ငါးမိနစ်လောက်အကြာမှာ ခပ်သွက်သွက်လျှောက်လာတဲ့ခြေသံရှပ်ရှပ်ကိုကြားရပြီး လူတကိုယ်ထွက်စာတံခါးပေါက်အသေးလေးက ပွင့်လာသည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now