အခန်း - ၁၄၂ (ဧရာမကမ္ဘာလိပ်)

8.6K 1.6K 492
                                    

[ စီးတော်ယာဥ်အဖြစ် မွေးထားချင်လား ]

စစ်ချီစစ်တိုက်သောအခါ လူအများ ဒဏ်ရာရကြမည်မှာ မြေကြီးလက်ခတ်မလွဲ မလွှဲမရှောင်သာသောကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း သမားတော်လှေသုံးစင်းခန့်ရှိသည့်အပြင် ဧကရာဇ်စံမြန်းရာလှေတော်ပေါ်တွင်လည်း ဆေးများသိမ်းထားရာအခန်းကြီးတစ်ခုရှိနေပေသည်။ အရွယ်အစားအားဖြင့်လည်း အတော်ကြီးနေကာ အမျိုးအစားစုံလင်လှသော ဆေးပင်ဆေးမြစ်များကို သေချာသပ်ယပ်စွာ စီရီထား၏။ ပုံမှန်အားဖြင့် ယဲ့ကျင်က ဤအခန်းထဲတွင် တစ်နေကုန်တစ်နေခမ်း လာနေတတ်သည်။

"အဟမ်း"

တံခါးနားတွင် ရောက်လာသော သွမ့်ပိုင်ယွဲ့က အသံပြုလာ၏။ ယဲ့ကျင် ခေါင်းမော့ကြည့်လာသည်။

ယဲ့ကျင် - "....."

သွမ့်ပိုင်ယွဲ့ - "မင်္ဂလာနံနက်ခင်းပါ"

ယဲ့ကျင်က ကောင်းကင်ပြင်ပေါ်ရှိ နေမင်းကြီးကိုကြည့်ပြီး တံခါးနားတွင်ရပ်နေသောလူကို ပြန်ကြည့်လာသည်၊ ထို့နောက် သွမ့်ပိုင်ယွဲ့ကြီး အဖျားတက်နေသည်ဟု ချက်ချင်းယူဆလိုက်ကာ ဆေးပင်တစ်ဆုပ်လှမ်းယူလိုက်ပြီး သွမ့်ပိုင်ယွဲ့အား လှမ်းပေးလာသည်။

"စားမလား"

သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ ပြန်ဖြေလာသည်။

"မစားတော့ဘူး"

ယဲ့ကျင် နှုတ်ခမ်းဆူသွားကာ သူ့ဘာသာသူ ဆေးပင်တစ်ပင် ဝါးစားလိုက်သည်။

"ကျွန်တော့်ဆီလာတာ ဘာကိစ္စရှိလို့လဲ"

ဩ၊ အဆိပ်ပင်တော့ မဟုတ်ဘူးပဲ။

ရှီးနန်ဝမ်က ထိုသို့တွေးရင်း မေးလေးပွတ်သပ်ကာ မေးလိုက်သည်။

"သောက်ပြီးသွားရင် ရူးသွားစေလောက်မယ့်ဆေးမျိုး တောင်သခင်ယဲ့ဆီမှာ ရှိပါသလား"

ယဲ့ကျင်က ဟင်းခနဲ သက်ပြင်းချလိုက်သည်။ သွမ့်ပိုင်ယွဲ့မှာ အမြန် ဖြေရှင်းလာရသည်။

"ပိုးကောင်တွေကျွေးဖို့ပါ"

"ဟင့်အင်း၊ မရှိဘူး"

သွမ့်ပိုင်ယွဲ့ သူ့ကို စေ့စေ့ကြည့်လာ၏။

ယဲ့ကျင်က အင်္ကျီလက်ထဲ လက်ထည့်ထားလိုက်ကာ အေးအေးဆေးဆေးသာနေလိုက်သည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now