အချပ်ပို - ၂ : ၄

5.2K 799 113
                                    

( အချပ်ပို - ၂ : ၄ )

ညီလာခံသဘင်မှ ချူယွမ် ထွက်လာသည်ထိ စောင့်ပြီးမှ ရှစ်ဇီက ဝမ်ရယ်နှင့် ဧည့်သည်တော်ကြီးတို့မှာ နန်းတော်အပြင်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ရှစ်ဇီ အကြောင်းကြားလာသည်။ နောက်ဆယ်ရက်မှ ပြန်လာမည်ဟုလည်း လျှောက်တင်လာ၏။

ချူယွမ်လည်း ခေါင်းညိတ်ပြလိုက်ကာ မနက်ပွဲတော်စာကို တော်ဝင်စာကြည့်ဆောင်သို့ တိုက်ရိုက်လာဆက်သရန် မှာကြားလိုက်သည်။ ယခုရက်ပိုင်း ဆောင်ရွက်စရာ တိုင်းရေးပြည်ရာကိစ္စများ များများစားစား ရှိမနေပါ၊ နာရီဝက်မကုန်လိုက်ခင် အစီရင်ခံစာများအားလုံး အကုန်စစ်ဆေးပြီးသွားပြီဖြစ်သည်။ ထို့နောက် ချူယွမ်က ပါးစပ်လေးဟပြီး တဝါးဝါးသမ်းကာ နူးညံ့သောထိုင်ခုံထက် မှီလိုက်ပြီး စာအုပ်ထိုင်ဖတ်နေလိုက်သည်။

ထိုစဥ် ဝမ်းလျိုနျဲန်က စဥ့်အိုးတစ်လုံးပိုက်ကာ ရောက်လာ၏။ ၎င်းမှာ သူကိုယ်တိုင်ချက်ထားသော ဇီးသီးခြောက်အချဥ်များဖြစ်ကာ သကာရည်ဖြင့်ပါ နှပ်ထားသေးသည်။ ယခု နန်းတွင်းသို့ ရောက်လာသည်မှာလည်း အရှင်မင်းမြတ်အား ဤအချိုပွဲ သုံးဆောင်မြည်းစမ်းကြည့်စေချင်သောကြောင့်ဖြစ်၏။ သို့သော် စာကြည့်ဆောင်ရှေ့သို့ ရောက်သောအခါ ယနေ့ အရှင်မင်းမြတ်၏ စိတ်နှလုံးတော် ကြည်လင်ပါလေစဟု မေးဖို့ လုံးဝမမေ့ပါပေ။ သို့မှသာ မဆီမဆိုင် ဘေးဒဏ်သင့်သွားမည့်ရန်မှ ရှောင်ကွင်းနိုင်ပေမည်။

ရှစ်ဇီကုန်းကုန်းက ဝမ်းလျိုနျဲန်အား တိုးတိုးလေး ပြောပြလာ၏။

"အရှင်မင်းမြတ်က အခန်းထဲမှာ စာဖတ်တော်မူနေပါတယ်ခင်ဗျာ။ ဝမ်ရယ်ကတော့ နန်းတော်အပြင်ဘက် ထွက်သွားပါပြီ"

"ရန်ဖြစ်ထားတာလားဟင်"

ဝမ်းလျိုနျဲန်က သတိကြီးစွာ မေးလာသည်။ ရှစ်ဇီကုန်းကုန်းက ခေါင်းခါပြကာ ဖြစ်ကြောင်းကုန်စင် ပြောပြလာ၏။

"လိပ်ပြာသဘင်အစည်းအဝေးတဲ့လား။ ဒီအကြောင်းအရာကို ပန်ကွမ်းလည်း ကြားဖူးနားဝရှိတယ်။ အများသူငှာပြောကြတာတော့ တာ့ချူတစ်ခွင်က ကုန်သည်စီးပွားရှင်တွေသာမက ရပ်ဝေးနယ်ခြားက ကုန်သည်တွေလည်း လာကြတယ်တဲ့။ အရင်နှစ်တွေတုန်းက ဒီပွဲကို ဖျင်ချန်မြို့မှာ ကျင်းပခဲ့တယ်၊ ဒီနှစ်တော့ အဲ့နေရာမှာ သိုင်းလောကအစည်းအဝေးကျင်းပနေတာဆိုတော့ နှစ်ဖက်အသိုင်းအဝိုင်း ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားဖို့အတွက် အမွှေးနံ့သာ ရောင်းဝယ်ဖလှယ်ပွဲကို ရွှမ်းယွင်နယ်ဘက် ပြောင်းရွှေ့ကျင်းပရတယ်ဆိုတယ်"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now