အခန်း - ၁၆၄ ( တပ်မကြီး စစ်ချီခြင်း )

10K 1.7K 371
                                    

{ နိုင်ဖို့တစ်လမ်းပဲရှိတယ် ၊ ရှုံးလို့မရဘူး }

နေ့လယ်စာစားသောက်ပြီးသွားသည်နှင့် နေလုံးကြီးကလည်း မိုးတိမ်တောင်များကြားမှ ပြန်ပေါ်ထွက်လာကာ အားလုံးကလည်း ထိုသစ်တောအုပ်သို့ ထွက်သွားခဲ့ကြသည်။ အဘိုးမုချီသည်ပင် ဤအပျော်ပွဲထဲ ဝင်ပါလာခဲ့သည်။

သွမ့်ယောင်က ယန္တရားရှေ့တွင် ရပ်နေ၏။ အတော်လေးလည်း ရင်ခုန်ပြီး စိတ်လှုပ်ရှားနေလို့။ ကြောက်စိတ် လုံးဝမရှိပေမင့် တကယ်လို့များ မအောင်မြင်ခဲ့လျှင် ဤမျှများပြားသောလူအုပ်ကြီးရှေ့ နည်းနည်းတော့....ရှက်သွားရပေလိမ့်မည်။

ချူယွမ်က သူ့ပခုံးကို ပုတ်ပေးလာ၏။

"မကြောက်နဲ့၊ မသေချာရင်လည်း အတင်းမကြိုးစားပါနဲ့။ စမ်းပြီး ဖျက်ကြည့်ရုံဆို ရပါပြီ"

"ဟုတ်"

ချူယွမ် ခေါင်းညိတ်လိုက်သည်။

မရီးတော်ကပဲ အကောင်းဆုံး !!!!!

ချူယွမ်ပြုံးလိုက်ကာ နောက်ဆုတ်ပြီး သူ့အတွက် လှမ်းဖယ်ပေးလိုက်၏။ နတ်သိကြားဘိုးဘိုးက နန်မော်ယဲ့အား ခပ်တိုးတိုး လှမ်းမေးလာသည်။

"ဒီဧကရာဇ်က သိပ်မဆိုးဘူးပဲဟ"

နန်မော်ယဲ့က လက်ကို အင်္ကျီထဲ ထည့်လိုက်ကာ ကြွားကြွားဝါဝါပြောလာ၏။

"ဒါပေါ့၊ ငါ့တပည့် ချစ်ရတဲ့လူပဲဟာ။ နောက်ဆို ငါ ဝေါယာဥ္ကြီးစီးပြီး ရွှေမြို့တော်ရဲ့လမ်းမကြီးတစ်လျှောက်လုံးကို လျှောက်သွားလို့ရတော့မှာ"

မင်းလို ကျွန်းပျက်ကြီးပေါ်နေနေတဲ့ လူရိုင်းကောင်ကြီးက ငါ့လာအားကျရင်လည်း အပိုပဲ !!!

နတ်သိကြားဘိုးဘိုးက ဟမ့်ခနဲ အသံပြုလိုက်ကာ မြေးဖြစ်သူကိုပိုက်ပြီး ပျော်စရာကိစ္စကို သွားကြည့်လိုက်သည်။

ယန္တရားထောင်ချောက်များမှာ အရွယ်အားဖြင့် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဖျက်ဆီးမည့်နည်းလမ်းကတော့ အတူတူပင်ဖြစ်သည်။ အဘိုးမုချီက ခပ်မြင့်မြင့်နေရာပေါ်တွင်ရပ်ကာ အသေးစိတ်အကဲခတ်ကြည့်နေ၏။ ၎င်းက ရှစ်ခွင်တိုင်းယန္တရားနှင့် ကွဲပြားသော်လည်း ဘယ်နေရာ ခြားနားနေမှန်းလည်း သေချာတပ်အပ် မပြောနိုင်ပြန်ချေ။ ထို့နောက် သွမ့်ယောင်က လျဲ့ယွင်ဓားကိုဆွဲထုတ်လိုက်ကာ ရှန်ချန်းဖုန်းအား သွားရောက်တိုက်ခိုက်ကြည့်လိုက်သည်၊ ထိုခါမှ ယန္တရားအစိတ်အပိုင်းတစ်ချို့က ပျက်ယွင်းလာကာ ၎င်း၏တည်ဆောက်ပုံကို ပို၍မြင်သာထင်သာရှိလာ၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now