အခန်း - ၁၆၀ ( ကျွန်း၏ လျှို့ဝှက်ချက် )

8.3K 1.7K 354
                                    

{ မိဖုရားကြီးကိုမှ အလိုမလိုက်ရင် ဘယ်သူ့ကိုသွားပြီး အလိုလိုက်ရမှာတုန်း }

"အိုက်ချင်း ဘာအကြောင်းပြောပြစရာရှိလို့လဲ"

ဝမ်းလျိုနျဲန်က ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် ပြောလာသည်။

"ဒါက ကျွန်တော်မျိုးရဲ့မှန်းဆချက်သက်သက်ပါပဲဘုရား။ ဒါပေမယ့် အရှင်မင်းမြတ်နဲ့ ဝမ်ရယ် သိတော်မူရအောင် လာရောက်လျှောက်တင်ထားချင်တာပါဘုရား"

ဘာပဲဖြစ်ဖြစ် အခုချိန်က ဘေးအန္တရာယ်ကြားထဲရောက်နေကြတာဆိုတော့ လုံးဝပေါ့ဆလို့မရဘူး။

ချူယွမ် ခေါင်းညိတ်လိုက်သည်။

"ပြောကြည့်ပါဦး"

"မြောင့်ရှင်းကိုယ်တော်နဲ့ ပတ်သက်နေတဲ့ကိစ္စပါဘုရား"

ထိုစကားကိုကြားတော့ သွမ့်ပိုင်ယွဲ့မျက်နှာမဲ့သွားသည်။

ဘယ်နေရာပဲသွားသွား၊ ဘာလို့ ဒီဘုန်းကြီးအကြောင်းချည်းပဲ တိုးနေရတာလဲ။

"စောနက ဧည့်သည်တော်နှစ်ယောက်ကို နားနေခန်းလိုက်ပို့တော့ လမ်းခုလတ်မှာ အားချန်က စကားစပြောလာပါတယ်။ ဘုန်းကြီးက တာ့ချူတပ်ဘက်ကလားလို့ မေးလာပါတယ်။ ကျွန်တော်မျိုးဘက်က ခေါင်းညိတ်ပြီး ဟုတ်ပါတယ်လို့ဖြေလိုက်တော့ သူလည်း ဘာမှဆက်မပြောဖြစ်တော့ပါဘူး။ ဒါပေမယ့် သူ့မျက်နှာက တွေဝေနေပြီး တစ်ခုခုကို ဆက်မေးချင်တဲ့ပုံပေါ်နေပါတယ် "

"အားချန်က မြောင့်ရှင်းကိုယ်တော်ကို တွေ့ဖူးတာလား"

ချူယွမ်က သွမ့်ပိုင်ယွဲ့အား လှည့်ကြည့်လာ၏။

"မပြောတတ်ဘူး၊ ဒီမတိုင်ခင်တော့ သူ အဲ့ဘုန်းကြီးအကြောင်းပြောတာ မကြားဖူးသေးဘူး။ ကိုယ် သွားမေးကြည့်လိုက်ရမလား "

ချူယွမ် ခေါင်းညိတ်ပြလိုက်သည်။

"အင်း၊ ကောင်းတယ်"

"ဒါဆို ကျွန်တော်မျိုးကို ပြန်ခွင့်ပြုတော်မူပါဦးဘုရား"

​လျှောက်တင်စရာကိစ္စပြောပြီးသည်နှင့် ဝမ်းလျိုနျဲန်လည်း အမြန်ပြန်ထွက်သွားလိုက်သည်။ ဝမ်ရယ်နှင့်အရှင်မင်းမြတ်တို့က ဖြစ်ရပ်ဆိုးကြီးနှင့်တွေ့ကြုံခဲ့တော့ ပြောစရာစကား များစွာရှိနေကြမည်ထင်သည်။ အခြားလူများ ခဏခဏလာနှောင့်ယှက်လျှင် သိပ်မကောင်းချေ။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now