အခန်း - ၁၉၁ ( ပျော်ရွှင်ခြင်းအတိလွှမ်းရာ သုခဘုံကမ္ဘာ )

10.5K 1.5K 490
                                    

အခန်း - ၁၉၁

( ပျော်ရွှင်ခြင်းအတိလွှမ်းရာ သုခဘုံကမ္ဘာ )

{ မိုင်ပေါင်းထောင်ချီ လေပြည်နှင်သည်၊ ပန်းနွယ်နဒီ ဤတိုင်းပြည်မှာ၊
ပုံပန်းချီသို့ လွန်တင့်တယ်တည့် }

စစ်ကုန်းလွီ့ဖွင့်လှစ်ထားသော အထည်ဆိုင်မှာ ဆိုင်ကြီးတစ်ခုမဟုတ်ခဲ့၊ သို့သော် ထိုဆိုင်နှင့် မလှမ်းမကမ်းတွင် တည်ရှိနေသည့် စံအိမ်ကြီးမှာမူ ထည်ဝါခမ်းနားလှပေသည်။ အိမ်နောက်ဖေးဘက်တွင်လည်း တသွင်သွင်စီးဆင်းနေသော စမ်းချောင်းနှင့် တံတားငယ်လေးတစ်စင်း ရှိနေလို့။ နွယ်မြက်သစ်ပင်တို့သည်လည်း စိုပြေစိမ်းလန်းနေလေရာ နွေဂိမှာန်နေ့ဖြစ်နေသည့်တိုင် ပူလောင်အိုက်စပ်သည်ဟု မခံစားရ။ စံအိမ်တော်ကြီးထဲတွင် ပင်တိုင်စားဖိုမှူးတစ်ဦး ခန့်ထားခဲ့ခြင်းမရှိလေရာ ရှို့ရှို့ကိုယ်တိုင် မီးဖိုချောင်ထဲဝင်ပြီး လက်စွမ်းပြရတော့သည်။ သာမန်အိမ်များ၌ စားရနေကျ ထမင်းပွဲဟင်းပွဲများဖြစ်သော်ငြား အပြင်ဘက်စားသောက်ဆိုင်များတွင် ရှာမြည်းကြည့်၍မရနိုင်သည့် အရသာများဖြစ်နေပေသည်။

မီးဖိုချောင်ထဲဝယ် အခြားအိမ်မှ ရောက်လာသော မောင်နှံနှစ်ဖော်က စကားလေးတီးတိုးတီးတိုးပြောလိုက်၊ တသောသောရယ်မောနေလိုက်နှင့် အလုပ်ရှုပ်နေကြသည်။ အပြင်ဘက်တွင်မူ ချူယွမ်နှင့်သွမ့်ပိုင်ယွဲ့တို့က ကျောက်သားစားပွဲနားတွင် ထိုင်စောင့်နေကြ၏။ လက်ဖက်ရည်တစ်ကရား သောက်ပြီးသွားသောအခါ ဘာဆက်လုပ်ရမည်မှန်းပင် မသိကြတော့။ လူမှုရေးအရ မီးဖိုချောင်ထဲ ထမင်းဟင်းဝင်ကူချက်ရမည်ဖြစ်သော်ငြား သေချာပြန်ဆန်းစစ်လိုက်သောအခါ အကြင်သူနှစ်ယောက်စလုံးမှာ ထိုင်နေကျနေရာတွင်ပင် တည်ငြိမ်စွာသာ ဆက်ထိုင်နေလိုက်သည်။ အကြောင်းမှာ နှစ်ယောက်စလုံးက ဆန်ပင် မဆေးတတ်သောကြောင့်ဖြစ်၏။

သိပ်ပြီး မနီးလွန်းမဝေးလွန်းသောနေရာရှိ မီးဖိုတစ်ခုပေါ်မှ ကြက်စွပ်ပြုတ်မှာ ပွက်ပွက်ဆူကာ မွှေးရနံ့သင်းလာပြီး သူတို့၏ အနံ့ခံအာရုံအား လာရောက်ရိုက်ခတ်နေပေသည်။ သွမ့်ပိုင်ယွဲ့က ချူယွမ်အား တိုးတိုးလေးမေးလာခဲ့၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now