အခန်း - ၁၅၈ (ပြန်လည်တွေ့ဆုံ​ြခင်း)

8.3K 1.7K 576
                                    

{ နောင်တော်က ရုတ်တရက်ကြီး သွေးအန်ချင်သလိုလိုဖြစ်နေရုံတင်ပါဘုရား }

ထိုစကားထွက်လာတော့ လူတိုင်းက ဆွံ့အသွားကြ၏။ သွမ့်ယောင်တစ်ယောက်တည်းကသာ "ဟာ"ခနဲ အသံထွက်လာသည်။

သရဲတစ္ဆေနှင့် တွေ့ရသလိုဖြစ်သွားသည့် လူတိုင်း၏မျက်နှာပေးကြောင့် ယွဲ့လော်မှာ ပို၍စိတ်ပူသွားသည်။

"မဟုတ်ဘူးမလားရှင့်"

သူမကိုယ်တိုင်က သွမ့်ပိုင်ယွဲ့အား လွန်စွာမှခင်မင်နှစ်သက်လှ၏။ ထို့ကြောင့် ယခုအချိန်တွင် သွမ့်ပိုင်ယွဲ့အစား လိုက်ပြီးစိတ်မပူပေးဘဲ မနေနိုင်ခဲ့။ ထို့ကြောင့် စိုးရိမ်တကြီး ဆက်ပြောလာ၏။

"အခုက ဘယ်နှစ်လပဲရှိသေးလို့လဲ ၊ ဘာလို့ အိမ်ထောင်အသစ်ပြုပြီး လူအသစ်နဲ့တွဲသွားရပြီလဲ။ ဘာပဲဖြစ်ဖြစ် ကလေးအရင်မွေးပြီးမှ လုပ်သင့်တယ်လေ"

သင်္ဘောကြီးတစ်ခုလုံးမှာ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

တစ်ခုခုက မူမမှန်ဖြစ်နေသလိုပဲ။

"ရှင်က စစ်သူကြီးမဟုတ်လားရှင့်"

ယွဲ့လော်က ချူယွမ်၏အင်္ကျီလက်စကို ကိုင်ဆွဲပြီး ပြောလာပြန်၏။

"အဲ့ဒီအစ်ကိုကြီးက သူ့မိန်းမကို အရမ်းချစ်တာ။ သူ့ကလေးမျက်နှာတွေ့ရဖို့အရေး တာ့ချူစစ်တပ်ဆီ အမြန်ပြန်သွားနိုင်ဖို့ နေ့တိုင်းနေ့တိုင်း တမ်းတနေခဲ့တာ။ အခု အဲ့တစ်ယောက်က အိမ်ထောင်အသစ်တောင် ပြုသွားပြီတဲ့လား။ သူသိသွားရင် အရမ်းရင်နာရမှာ သေချာတယ်၊ အဲ့အချိန်ကျရင် ရှင် သူ့ကို နှစ်သိမ့်ပေးရမယ်နော် "

ချူယွမ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်၊ ထို့နောက် တည်ငြိမ်စွာ ပြုံးပြလိုက်၏။

"အင်း၊ နှစ်သိမ့်ပေးမှာပေါ့"

သွမ့်ယောင်က မိမိအချစ်ရဆုံး နောင်တော်ကြီးအတွက် အခြေအနေအရပ်ရပ်ကို အဖတ်ဆယ်ပေးချင်သည့်နှယ် ကြားဖြတ်ပြောဆိုလာ၏။

"ကျွန်တော်ပြောတာ၊ မယ်မင်း -"

ချူယွမ်က သူ့ကို စကားများများထပ်မပြောရန် လက်မြှောက်ပြကာ တားဆီးလိုက်သည်။ သွမ့်ယောင်မှာ မျက်ရည်မပါသော ငိုကြွေးခြင်းမျိုးဖြင့် ငိုနေပြီဖြစ်၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now