အခန်း - ၁၆၃ ( ဆိုတော့ ဒီပုလဲက ဘယ်နေရာအသုံးဝင်သလဲ )

8.7K 1.8K 688
                                    

{ လွှင့်ပစ်လိုက်ရင်တောင် ပိုကောင်းမယ် }

"အရှင်မင်းမြတ်"

သွမ့်ယောင်က သစ်ကိုင်းထက်မှ ခုန်ဆင်းလာ၏။

"နောင်တော်နဲ့ရှစ်ဖူးကို ကျွန်တော်မျိုး သွားခေါ်လာပေးပါ့မယ်ဘုရား"

ချူယွမ်က တောအုပ်ဘက်သို့ လှည့်ကြည့်လိုက်ကာ ဆိုလာသည်။

"ဆရာကြီးနန် ရောက်လာပြီကိုး။ ရပါတယ်၊ ဝင်မသွားပါနဲ့ဦး။ ကိုယ်တော် ဒီနားမှာ ဆက်စောင့်ရလည်း ဖြစ်ပါတယ်"

"ဒါဆို တော်တော်လေးကြာအောင် ထပ်စောင့်ရလိမ့်မယ်ဘုရား။နောင်တော်နဲ့ရှစ်ဖူးတို့နှစ်ယောက် အပျော်တမ်းသတ်ပုတ်နေတယ်ဆို ထားလိုက်ပါတော့။ သိုင်းကွက်တွေပါထုတ်ပြီး ပညာချင်းဖလှယ်ကြရင်တော့ နှစ်နာရီသုံးနာရီနဲ့ပြီးရင်ကို မြန်လွန်းပြီလို့တောင် ပြောလို့ရမှာပါ"

"ကိုယ်တော်မြတ် ရောက်လာတုန်းက အားလီနဲ့ ယွင့်ကျီးတို့ကို တွေ့လိုက်တယ်။ အဘိုးတစ်ယောက်ကို လှေပေါ်အတင်းပြေးတက်ခိုင်းနေသလိုပဲ။ အဲ့တစ်ယောက်က ဘယ်သူများလဲ မသိဘူး"

"အဲ့အဘိုးက ရှစ်ဖူးနဲ့ အတူတူလိုက်လာတာ၊ သခင်လေးချွီးရဲ့ အဖေပါတဲ့။ ပင်လယ်ထဲရှစ်ဖူးထွက်သွားတာကလည်း ဒီအဘိုးနဲ့ မွေးနေ့ပွဲသွားဆင်နွှဲဖို့ပါပဲဘုရား"

"အဲ့လိုကိုး"

ချူယွမ်က သန့်ရှင်းသော ကျောက်ဆောင်တစ်ခုကိုရှာကာ ထိုပေါ်တွင် ထိုင်လိုက်သည်။

"လူအုပ်ကြီးက စည်ကားသိုက်မြိုက်နေတာပဲ၊ အိပ်လည်းမအိပ်ကြဘဲ ဒီတောထဲ အလုပ်လာရှုပ်နေကြတယ် ။ ရှောင်ကျင်နဲ့ချန်းဖုန်းလည်း ခုလေးတင်ပြန်သွားကြတယ်"

သွမ့်ယောင်က ရေရွတ်လာ၏။

"နောင်တော်က အရှင်မင်းမြတ်ကို မပြောပြရသေးဘူးလားဘုရား။ ဒါဆို ကျွန်တော်မျိုးလည်း မပြောပြဘဲနေလိုက်ပါတော့မယ်၊ ပြောလိုက်ရင် နောင်တော်ရိုက်သတ်လို့ သေရလိမ့်မယ်"

ချူယွမ် ရယ်လို်က်သည်၊ သို့သော် ဘာမှထပ်မမေးဖြစ်ဘဲ သွမ့်ပိုင်ယွဲ့နှင့် နန်မော်ယဲ့တို့ ရန်သတ်နေကြသည်ကိုသာ ခေတ္တမျှလိုက်ကြည့်နေသည်။ သို့သော် တော်ရုံနှင့် မပြီးနိုင်မပြတ်နိုင်ကြသေးသည်ကို တွေ့လာတော့ သူကိုယ်တိုင်ပါ လက်များယားလာကာ သွမ့်ယောင်၏လျဲ့ယွင်ဓားကို ယူလိုက်ပြီး ရန်ပွဲထဲ ဝင်သွားလိုက်သည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now