အခန်း - ၁၈၇ ( နှစ်သစ်ကူး )

3.8K 345 48
                                    

အခန်း - ၁၈၇ ( နှစ်သစ်ကူး )

{ ဒါတွေအားလုံးက
နောက်နှစ် လက်ထပ်ဘိသိက်ပွဲအတွက်ပဲ }

တာ့ချူတပ်မတော်က ကြီးစွာသောအောင်ပွဲကို ဆောင်ကြဉ်းလာနိုင်ခဲ့သဖြင့် တိုင်းသူပြည်သားများကလည်း ပျော်ရွှင်ဝမ်းမြောက်နေခဲ့ကြသည်။ ညဥ့်နက်နေပြီဖြစ်သော်လည်း လမ်းမကြီးထက်ဝယ် လူသူအများဖြင့် စည်ကားနေဆဲဖြစ်၏။ နှစ်ယောက်သားမှာ လက်များတွဲထားကြကာ လမ်းကြိုလမ်းကြားများထဲ လျှောက်သွားကြသည်။ ဟိုးအရင်တစ်ချိန်တုန်းက တွန်းလှည်းလေးနှင့်ရောင်းချသော ဖက်ထုပ်ဆိုင်လေးမှာ ယခုတော့ ဆိုင်ခန်းတစ်ခုဖြစ်သွားခဲ့ပေပြီ။ စားသုံးသူအရေအတွက် များပြားလွန်းသဖြင့် ထိုင်စရာနေရာမလောက်ဘဲဖြစ်နေရာ လမ်းမပေါ်တွင်ပါ စားပွဲများချထားရ၏။ ဆိုင်ရှင်များကလည်း ငယ်ရွယ်သောချစ်သူမောင်နှံများအဖြစ် ပြောင်းလဲသွားကြသည်၊ ထိုအဘိုးအဘွားစုံတွဲ၏ သားနှင့်ချွေးမ ဖြစ်ဟန်ရ၏။ ချွေးမငယ်လေးမှာ ကျောပေါ်တွင် ဝဝဖြိုးဖြိုး ကလေးငယ်လေးကို ပိုးထားလျက် ဟိုပြေးဒီပြေးနှင့် အလုပ်ရှုပ်နေ၏။

သွမ့်ပိုင်ယွဲ့က ချူယွမ်အား မှိန်ဖျော့ဖျော့မီးအိမ်လေးရှိသော စားပွဲနားတွင် ထိုင်ခိုင်းစေလိုက်သည်။

"ကြက်သားဖက်ထုပ်တစ်ပွဲနဲ့ နှမ်းဆီဆမ်းဖက်ထုပ်တစ်ပွဲ ချပေးပါ။ ပြီးတော့ အရံဟင်းလေး နှစ်ပွဲသုံးပွဲလောက်"

"ဟုတ်ကဲ့၊ ရပါတယ်ဗျ"

လူငယ်လေးက ပြန်ထူးလိုက်ကာ လက်ဖက်ရည်ခွက်နှစ်ခွက် လာချပေးသည်။

ချူယွမ်က ပြုံးရင်း ထိုလူငယ်လေးအား မေးကြည့်လိုက်၏။

"စီးပွားရေးရော အဆင်ပြေရဲ့လား"

"ပြေပါတယ်ခင်ဗျ၊ အရင်ကထက် အများကြီးအဆင်ပြေလာတာ"

ထိုလူငယ်က စားပွဲကို ကျွမ်းကျင်သွက်လက်စွာ သုတ်ရင်း ဆက်ဆိုလာ၏။

"ရွှေမြို့တော်ထဲမှာ ရေခြားမြေခြားကနေလာတဲ့ ကုန်သည်ကြီးတွေ တစ်နေ့တစ်ခြား များလာတယ်။ ညဘက်ရောက်နေရင်တောင် လူစည်နေတုန်းပဲ။ ကျွန်တော့်အဖေ အလုပ်လုပ်တုန်းကဆို ဒီလိုအချိန်ကြီးမှာ ဘယ်လိုလုပ် ဖောက်သည်တွေ လာတော့မှာလဲ။ အချိန်နာရီ လိုက်ကြေညာတဲ့လူနဲ့ ၊ ဗိုက်ဖြည့်ဖို့အတွက် ညဘက် မုန့်ထွက်ရှာစားတဲ့လူတွေပဲ ရှိမယ်"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now