အခန်း - ၁၈၃ ( လက်ထပ်ထိမ်းမြားခြင်း )

10.1K 1.6K 813
                                    

{ ဝမ်ရယ်က အရှင်မင်းမြတ်နဲ့ လက်ထပ်တော့မှာတဲ့ }

ချူယွမ် သူ့အား အကြာကြီးငေးကြည့်လာသည်။ သွမ့်ပိုင်ယွဲ့မှာ လန့်လာတော့လေ၏။

"မင်း​ပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းလိုက်မယ်လို့တော့ လာမပြောလိုက်နဲ့နော်"

"အင်း"

အဲ့သဘောပဲ....
အဲ့တော့ မင်းက ဘာလုပ်ချင်လဲ၊
ကိုယ်တော်ကမှ ဧကရာဇ်ပါနော်.....

သွမ့်ပိုင်ယွဲ့က ချူယွမ်၏ပါးပြင်အား ခပ်ဖွဖွပုတ်လိုက်ကာ အပြင်ဘက်သို့ လှမ်းအော်ပြောလိုက်သည်။

"တစ်ယောက်လောက် လာခဲ့ပါဦး!!!!"

"မင်းတော့!!!!"

ချူယွမ်က ထိုလူကြီး၏ပါးစပ်ကို အုပ်ထားလိုက်ကာ ပေါင်ပေါ်မှ ပြန်ထရပ်လိုက်ပြီး တစ်ဝက်လောက်ပြေလျော့နေသည့် ဝတ်လဲတော်ကို သေချာပြန်ဝတ်လိုက်ရသည်။

"မင်းကို ကျီစယ်ချင်ရုံတင်ပါ"

သွမ့်ပိုင်ယွဲ့က ခပ်ဆိုးဆိုးအပြုံးမျိုး ပြုံးလာသည်။

"အပြင်မှာ ဘယ်သူမှမရှိဘူး၊ မင်း အိပ်ပျော်တာကို လာနှောင့်ယှက်မှာစိုးလို့ ရှစ်ဇီတစ်ယောက်တည်းပဲ ထားထားတာ"

"....."

ချူယွမ်၏စိတ်များ ကမောက်ကမကို ဖြစ်သွားလို့။

"မင်း ဒီလိုကပိုကရိုလေးဖြစ်နေတာကို  ဘယ်လိုလုပ်ပြီး တခြားလူတွေ လာမြင်ခွင့်ပေးနိုင်မှာလဲ"

သွမ့်ပိုင်ယွဲ့က ချူယွမ်၏ညှပ်ရိုးတစ်လျှောက်အား သူ့လက်ချောင်းများဖြင့် လိုက်လံထိတွေ့လာကာ လူကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်ပြန်သည်။ ထို့နောက်လည်တိုင်ထက်အား နောက်ထပ်တစ်ဖန် လိုက်လံတိုးဝှေ့ပြီး နမ်းရှိုက်လာပြန်၏။

ဝါးအိမ်လေးအတွင်းဝယ် အသံများတိတ်ဆိတ်နေသည်။ လေထုထဲတွင်လည်း မြက်ခင်းရနံ့ ခပ်သင်းသင်းလေး လွင့်ပျံ့နေလို့။ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေပြည်ညှင်းလေးနှင့် နွေးထွေးသောနေရောင်ခြည်တို့အား ပေါင်းစပ်လိုက်သောအခါ မျက်ဝန်းလွှာများအား မှိတ်စက်ထားလိုက်တိုင်း နူးညံ့သောပန်းမွေ့ယာထက် လဲလျောင်းအိပ်စက်နေရသလို ခံစားရစေသည်။ ဘဝင်စိတ်ဇောနှင့်အတူ မျောလွင့်လိုက်ပါခွင့်ပြုလိုက်သောအခါ မြောက်ဘက်ယာယီနန်းဆောင်တုန်းက အတိတ်နေ့ရက်လေးများဆီ ပြန်ပြောင်းရောက်ရှိသွားသလိုပင်။ အလှဆုံးသောရှုခင်းများကြား အကောင်းဆုံးသောလူသားနှင့် အတူယှဥ်တွဲရှိရခြင်းတော့ အဖြစ်တူညီနေခဲ့ကာ၊ တစ်ခုသောခြားနားချက်မှာမူ ယခုတော့ တာဝန်ဝတ္တရားများအား အကုန်လွှတ်ချထားနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဘာကိုမှ တွေးကြောက်နေစရာမလိုတော့ဘဲ မိမိနှလုံးသားထဲမှ ချစ်ခြင်းမေတ္တာများကို တစ်ဖက်လူအား အကုန်အစင် ပုံအောပေးအပ်နိုင်ပြီဖြစ်သည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now