အချပ်ပို - ၃ { ငယ်ရွယ်စဥ်တုန်းက }

6.4K 864 199
                                    

အချပ်ပို - ၃ { ငယ်ရွယ်စဥ်တုန်းက }

( ရှီးနန်မှာ ကိုယ်ရှိတယ်လေ၊ မင်း သဘောကျရဲ့လား )

T/n : အချပ်ပို - ၂ နဲ့ဆို အရမ်းထပ်ကြာဦးမှာမို့ တစ်ခန်းကျော်ပြီး တစ်ပိုင်းအသစ်တင်လိုက်ပါရစေနော့။

*

ဂိမှာန်ဦးချိန်။

ဝန်းကျင်ထုဝယ် ပဒုမ္မာရနံ့ သင်းပျံ့နေကာ လေအလျဥ်ကလည်း တဖြူးဖြူးတိုက်ခတ်နေ၏။

အိမ်ရှေ့စံနန်းဆောင်ထဲဝယ် ချူယွမ်က စားပွဲရှည်တစ်ခုဘေး ထိုင်နေကာ ရှေ့မှောက်ရှိ အပျော်တမ်းဖတ်စရာ စာအုပ်များကို ကောက်ယူဖတ်ရှုလျက်ရှိသည်။ ၎င်းတို့မှာ ကျေးလက်ရိုးရာ ဇာတ်လမ်းပုံပြင်များဖြစ်ကာ နန်းတော်အပြင်ထွက်သွားစဥ် အစောင့်ရဲမက်များမှ လက်ဆောင်ဝယ်လာပေးသော စာအုပ်များဖြစ်သည်။ အတော်လေးလည်း စိတ်ဝင်စားစရာကောင်းပေ၏။

မွန်းတည့်ချိန်လွန်သော် ရာသီဥတုမှာ ပို၍ပူအိုက်လာခဲ့သည်။ ရှစ်ဇီက တံခါးချပ်ကိုလှပ်ဟကာ အထဲသို့ တိုးတိုးတိတ်တိတ် လှမ်းချောင်းကြည့်လာပြီး နှိုင်းနှိုင်းဆဆလျှောက်တင်လာ၏။

"အရှင့်သား၊ အပူငြိမ်းသတ်ဖို့ အချိုပွဲအေးအေးလေးတစ်ပွဲလောက် လာရောက်ဆက်သပေးရမလားဘုရား"

"ဟင့်အင်း၊ မစားဘူး"

ချူယွမ်က စာအုပ်ကို လွှင့်ပစ်လိုက်ကာ ဆက်ဆို၏။

"ဒီနေ့ ခမည်းတော်က ရှီးနန်ဝမ်ကို ကြိုဆိုဧည့်ခံဖို့ စားသောက်ဧည့်ခံပွဲ ကျင်းပပေးမယ်ပြောတယ်။ ခုချိန် ပွဲစနေလောက်ပြီထင်တယ် "

"ပြီးခဲ့တဲ့နာရီဝက်အတွင်း စတင်ကျင်းပခဲ့ပြီးပါပြီ၊ ကောင်လိဝမ်လည်း ရှိနေပါတယ်ဘုရား။ ပြီးတော့ ပွဲသဘင်ကို ပိုပြီးပျော်ရွှင်သက်ဝင်အောင် ကချေသည်တွေပါ ခေါ်လာပါတယ်၊  အတော်လေးစည်ကားသိုက်မြိုက်နေတယ်လို့ ကြားရပါတယ်။ စောနတုန်းကတောင် အရှင်မင်းကြီး မိန့်တော်မူလိုက်ပါသေးတယ်၊ အိမ်ရှေ့စံအရှင့်သားသာ နည်းနည်းပြန်သက်သာလာရင် ဧည့်ခံပွဲထဲ လာရောက်ဆင်နွှဲလှည့်ပါဦးတဲ့"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now