အခန်း - ၁၇၆ ( ရုပ်သေးရုပ် )

6.2K 1.5K 198
                                    

{ ပြန်ပြီးအသုံးချဖို့ ယူလာခဲ့တယ် }

ရှင်းကျိုးနယ်နိမိတ်နှင့် နီးလာလေလေ၊ ထိုအမည်းရောင်မြူခိုးကြီးက ပိုပိုပြီးသိပ်သည်းထူထဲလာသည်။ လေထဲတွင် လွင့်မျောနေသော ချည်မျှင်ကွန်ယက်များနှင့်ပင် တူနေကာ ထိုသင်္ဘောကြီးအား တစ်လွှာပြီးတစ်လွှာ ခြုံလွှမ်းထားနေပေ၏။

"ဒီလိုအခြေအနေကြီးက - "

အရိပ်တပ်သားတစ်ဦးက မကျေမနပ် ညည်းညူလာသည်။ တကယ်ကိုပင် အရှေ့ပင်လယ်တုန်းဟိုင်အား ထိုးစစ်ဆင်ခဲ့တုန်းကနှင့် တော်တော်တူနေခဲ့ပေသည်ပဲ ။ ဘာကြောင့်များ သူပုန်တပ်များက မိမိတို့ကိုယ်ကို ထိုသို့သောနည်းလမ်းများဖြင့် အရံအတားမျိုး ပြုလုပ်တတ်ကြသနည်း ။ သို့တည်းမဟုတ် သူပုန်ဖြစ်ရိုးမှန်လျှင် လိုက်နာစောင့်စည်းရမည့် ကျင့်ဝတ်စည်းကမ်းတစ်ခုလို ဖြစ်နေရော့သလား။

"အဆိပ်မရှိဘူးမလား"

ဘေးနားရှိကျန်းမင်လွီ့က အရိပ်တပ်သားလေးအား စိုးရိမ်စွာမေးလာသည်။ အရိပ်တပ်သားက ပြန်ပြီး သတိပေးလိုက်သည်။

"ခင်ဗျားကမှ သမားတော်လေ"

ကျွန်တော်တို့က မေးရမှာလေဗျာ။

ကျန်းမင်လွီ့ - "....."

ကျန်းမင်လွီ့က သူ့ကို်ယ်သူ ယုံကြည်ချက်သိပ်မရှိစွာ ပြောလာသည်။

"အင်း.....ရှိတော့မရှိသလိုပဲနော်"

အဆိပ်သာရှိနေရင် တောင်သခင်ယဲ့လည်း သင်္ဘောဦးထိပ်မှာရပ်ပြီး လေညှင်းခံယူနေမှာမဟုတ်ဘူး။

*****

သွမ့်ပိုင်ယွဲ့က အခန်းတံခါးဖွင့်ပြီး အပြင်သို့ထွက်လာသည်။ လက်ဖမိုးပေါ်တွင်လည်း ဧရာမပင့်ကူကြီးတစ်ကောင် တွယ်ကပ်နေလျက်။

ချူယွမ် - "......"

"ဘာလို့ အစောကြီးပြန်ရောက်လာတာလဲ"

သွမ့်ပိုင်ယွဲ့က လျင်မြန်စွာတုံ့ပြန်မေးမြန်းရင်း လက်ကိုလည်း နောက်သို့အမြန်ပြန်ဖွက်ထားလိုက်သည်။

ချူယွမ်က ခပ်တိုးတိုးလေးပြောလိုက်၏။

"မြင်ပြီးပြီ"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now