အခန်း - ၁၈၁ ( ဌာနေဟောင်းသို့ ပြန်ခြင်း)

6.8K 1.3K 312
                                    

{ ဇာတ်လမ်းအသစ်ထွက်ပြီတဲ့ }

ဇာမဏီငှက်ကြီးက အောက်သို့ ခပ်နိမ့်နိမ့်ပျံဆင်းလာသည်၊ ထို့နောက် အနက်ရောင်ဝတ်စုံဝတ်ထားသော အဘိုးကြီးတစ်ယောက်က သင်္ဘောခေါင်မိုးထပ်ပေါ်သို့ ခုန်ဆင်းလာခဲ့၏။ ထိုလူကြီး၏ခေါင်းပေါ်တွင် အမွေးစုတ်ဖွားလေးနှင့် မွေးပွပွဇာမဏီငှက်ငယ်လေး ထိုင်နေလျက်ရှိကာ သူ့နောက်မှာတော့ ကျွေ့ယင်တပ်သား ရှစ်ယောက်ခန့်မျှ ပါလာ၏။ သူတို့အားလုံးက အရှင်မင်းမြတ် ဒဏ်ရာပြင်းထန်စွာရရှိထားတော်မူကြောင်း သတင်းရသဖြင့် အပြေးအလွှားရောက်လာကြခြင်းဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ၊ ကျွေ့ယင်နန်းက သူတစ်ပါးအားကူညီရသည်ကို မွေ့လျော်နှစ်ခြိုက်သည့်အပြင်၊ သူတစ်ပါးဆီမှလည်း ကျေးဇူးကြွေးပြန်ရရန် မတောင်းဆိုတတ်ပါချေ။ သိုင်းလောကထဲရှိ လူတိုင်းက ဤသို့ဤပုံ ပြောစမှတ်ပြုတတ်ကြပေ၏။

နတ်သိကြားဘိုးဘိုးနှင့် လူကြီးမင်းကွေရှိုတို့နှစ္ဦးမှာ နန်ယန်တွင် အနေကြာခဲ့ပြီဖြစ်သော်​ငြား၊  လောကီအရှုပ်အထွေးမှ ရှောင်ဖယ်ကာ လွတ်လပ်သောဘဝမျိုးတွင် သီးခြားနေထိုင်ကြသည်မို့ ၊  ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးကြပေသည်။ အရင်တုန်းက လူကြီးမင်းကွေရှိုအကြောင်းကို နန်မော်ယဲ့ကြီး မကြာခဏအတင်းတုပ်တတ်သောကြောင့် နတ်သိကြားဘိုးဘိုးမှာ လူကြီးမင်းကွေရှိုအား သိပ်ပြီး အယုံအကြည်မရှိ။ ထို့ကြောင့် တစ်ဖက်လူက လက်ကမ်းကူညီလာလျှင်တောင် မိမိ၏မိတ်ဆွေ မေ့မြောနေသည်ကို အခွင့်ကောင်းယူကာ တစ်ပွဲတစ်လမ်းလောက် လက်တည့်စမ်းကြည့်ချင်နေပြီဖြစ်၏။

"အရှင်မင်းမြတ် ဘယ်လိုနေသေးလဲဟင်"

အရင်တစ်ခေါက်တုန်းက လူကြီးမင်းကွေရှိုထံ သတင်းသွားပို့ပေးကာ ယခုတစ်ခေါက်လည်း ပြန်လည်လိုက်ပါလာသော ကျွေ့ယင်တပ်သားက စိုးရိမ်တကြီး မေးလာ၏။

သွမ့်ပိုင်ယွဲ့က ဖြေလာသည်။

"အခုတော့ သက်သာလာပါပြီ၊ ကျွန်တော့်ဆရာက ဓားရဲ့အအေးသိဒ္ဓိဓာတ်ကို သူ့ခန္ဓာကိုယ်ထဲ လွှဲပြောင်းယူလိုက်တာပါ။ ဒါကြောင့် အခု ကျွန်တော့်ဆရာက မနိုးတော့ဘဲ တောက်လျှောက် အိပ်ပျော်နေခဲ့ပါတယ် ၊   သူ့ခန္ဓာကိုယ်ကို ရေခဲခေါင်းတလားထဲမှာ ခေတ္တခဏ ထည့်သိမ်းထားရပါတယ်။ လူကြီးမင်းကွေရှိုဆီကနေ ကျွန်တော် အကူအညီတောင်းခံပါတယ်ခင်ဗျာ"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now