အခန်း - ၁၇၀ ( တိုင်းပြည်တစ်ခွင်လုံး အတူပျော်ရွှင်ဆင်နွှဲကြတယ်ဆိုတဲ့ စကားလေ)

8.5K 1.6K 487
                                    

{ အနည်းဆုံးတော့ သူများတွေလို ထည်ထည်ဝါဝါ ဝံ့ဝံ့ကြွားကြွား စားသောက်ခွင့်ရှိသေးတာပေါ့ }

တခြားလုပ်စရာကိစ္စများရှိသေးသောကြောင့် အားလုံးကလည်း ယွဲ့လော်ပြန်လာသည့်ကိစ္စကို လျှို့ဝှက်ထားလိုက်ကြကာ လူအနည်းစုကိုသာ ပြောပြဖြစ်ခဲ့သည်။ အခန်းထဲပြန်ရောက်လာတော့ ယွဲ့လော်က သူမမှတ်ဉာဏ်ထဲစွဲကျန်မှတ်မိသည့်အတိုင်း ထိုယောက်ျား၏ရုပ်သွင်ကို အချိန်အတော်လေးကြာအောင် ပုံဖော်ပြောကြားလာသည်။ သို့သော် အတော်လေးကြာသွားသည့်အထိ ထိုသူက မည်သူဖြစ်မှန်း မည်သူမှ မသိကြ၊ သွမ့်ပိုင်ယွဲ့ကသာလျှင် ဖျတ်ခနဲ အတွေးပေါက်မိသွား၏။

ထိုသူက ကျင့်တိရှိ ဂိုဏ်းတစ်ဂိုဏ်းနှင့် ဆက်စပ်မှုရှိသောသူဖြစ်ကာ ဖေးမျဲန်ပြည်သို့လည်း သွားခဲ့သေးသဖြင့် ထိုသူက နျဲ့ယွမ်စန်း ဖြစ်နေနိုင်သည်။ အရင်တစ်ခေါက်တုန်းက ထွက်ပြေးသွားခဲ့သော၊ ပိုင်ရှန့်ပြည်၏ မဟာသေနာပတိ အမတ်မင်း နျဲ့ယွမ်စန်း။

ရှန်ချန်းဖုန်းကလည်း မှတ်ချက်ဆိုလာ၏။

"နျဲ့ယွမ်စန်းက ရှန်းရှီးစီရင်စုမှာ သုံးနှစ်နေခဲ့ဖူးတာ အမှန်ပဲ၊ နောက်ပိုင်းတော့ ပိုင်ရှန့်ပြည်မှာ သွားနေလိုက်တာ။ ဒါပေမယ့် သူသာ တော်ဝင်မျိုးဆက်ကို လိုချင်ရိုးမှန်ရင် ဘာလို့ ချူရှိန့်ဆီ မသွားတာလဲ "

သွမ့်ပိုင်ယွဲ့က ဆိုသည်။

"တစ်ခါတစ်လေ တော်ဝင်မျိုးဆက်တစ်ယောက်ယောက်ရဲ့အသက်ကို နှုတ်ယူချင်လို့လည်း ဖြစ်နိုင်တာပဲ။ တခြားယန္တရား ဒါမှမဟုတ် တစ်ခုခုကို ဖျက်ဆီးချင်လို့များလားမသိ၊ မဟုတ်ရင် ဘာလို့ ဒီလောက်ထိ အားသွန်ခွန်စိုက် ကြိုးစားနေရတာလဲ "

ထိုစကားကို ရှန်ချန်းဖုန်းကြားတော့ မျက်မှောင်တွန့်ချိုးသွား၏။

သွမ့်ပိုင်ယွဲ့က ဆိုသည်။

"မစိုးရိမ်လိုက်ပါနဲ့၊ တောင်သခင်ယဲ့က ဧကရာဇ်အပါးတော်မှာပဲ ရှိနေတာ။ ဘယ်သူကမှ စိတ်ဖောက်ပြန်ပြီး အဲ့နေရာထိ သွားရဲမှာ မဟုတ်ပါဘူး။ မြေအောက်မှာရှိနေတဲ့ကောင်ကိုသာ ရအောင်ဖမ်းရမယ်၊ နောက်မှ အဲ့ကောင်ကို မေးကြည့်လိုက်ရင် သိပါပြီ"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now