POBE Ch-31

3.3K 766 49
                                    

Unicode

လောလောဆယ်တော့ ကုရှောင်ရှန်းက တကယ်ကိုပဲ ဘာအတွက်နဲ့မှ မပျော်ရွှင်နိုင်ဘူးဖြစ်နေတယ်။ သူစက်ဆုပ်ရွံရှာတဲ့ လူတစ်စုနဲ့ အစည်းအဝေးခန်းထဲမှာ ထိုင်နေရပြီး ရှေ့နေက သေတမ်းမှာဖတ်ပြမှာကို စောင့်နေရတယ်။ ရှေ့နေက ထန်းကောကောရဲ့သေတမ်းစာကို တည်တည်ငြိမ်ငြိမ်ပဲ ဖတ်ပြတယ်။
"ငါ့ရဲ့ ကန်ဒီလေးတွေရေ၊ ဒီစာကို နားထောင်နေရပြီဆိုရင်တော့ ငါဒီလောကကြီးထဲကနေ ထွက်သွားပြီးလောက်ပြီ၊ ပြီးတော့ မင်းသာ ဒီစာကို နားထောင်နေတယ်ဆိုရင် မင်းတို့အားလုံးက ငါချစ်တဲ့သူတွေပဲဆိုတာ သိသင့်တယ်"

ဒါကိုကြားတော့ ကုရှောင်ရှန်း နေရာမှာတင် သွေးအန်မိမလိုဖြစ်သွားတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း အတော်လေး ရွံရှာစရာကောင်းတယ်လို့ ခံစားရတယ်။ သူနဲ့ဒီအမျိုးသမီးကြားက ကြိုးတွေအကုန်လုံးကို ဖြတ်တောက်ပစ်ချင်တယ်လို့ သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြောခဲ့ပေမဲ့ ပိုက်ဆံကိစ္စပါတယ်လို့ ကြားတာနဲ့ ဈာပနအခမ်းအနားကိုတက်ဖို့ ဒီထိတကယ်ရောက်အောင် လာခဲ့မိတယ်။ ဒီအခိုက်အတန့်မှာ ကုရှောင်ရှန်း သူ့ကိုယ်သူ ဒီထက်ပိုပြီး မုန်းနိုင်မှာကို မဟုတ်တော့ဘူး။

ရှေ့နေက ဘာအမူအရာမှမပြဘဲ ထန်းကောကောရဲ့ စိတ်ခံစားချက်တွေ ပြည့်နှက်နေတဲ့စာကို ဆက်ဖတ်ပြလေတယ်။
"မင်းတို့အားလုံး ငါ့ကိုနားလည်ကြမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ငါ့လို စိတ်အားထက်ထက်သန်သန်၊ ဖြူဖြူစင်စင်နဲ့ မနေထိုင်ခဲ့ဖူးလို့ပဲ၊ ငါလှမ်းတဲ့ခြေလှမ်းတိုင်း၊ ရှူသွင်းလိုက်တဲ့ အသက်ရှူသံတိုင်းက အချစ်အတွက်ပဲ၊ အချစ်ဆိုတာ ခဏတာပဲ၊ ဒါကြောင့် ငါအချစ်နောက် ဆက်တိုက်လိုက်နေဖို့ပဲ တတ်နိုင်တယ်၊ ငါယောကျာ်းတွေအကုန်လုံးကို သစ္စာဖောက်နိုင်ပေမဲ့ အချစ်ကိုတော့ သစ္စာမဖောက်နိုင်ဘူး၊ ဘယ်သူမှ ငါ့ရဲ့ သစ္စာရှိမှုနဲ့ အချစ်ကြီးမှုကို နားလည်နိုင်မှာမဟုတ်ဘူး"

နှင်းဖြူရောင် အမြှုပ်လေးတွေနဲ့ ဖုံးအုပ်ထားတဲ့ မိုးပြာရောင်လှိုင်းလုံးကြီးတွေက နတ်သမီးရဲ့ဂါဝန်စလေးလိုပဲ။ ကမ်းခြေဘက်ကို အလိပ်လိုက်တက်လာပြီး သူတို့နဲ့အတူ နတ်ဆိုးတစ်ကောင်လို ညှီစို့စို့အနံ့မျိုးကို သယ်ဆောင်လာတယ်။ ငယ်ရွယ်တဲ့ကုရှောင်ရှန်းလေးက သူ့အမေရဲ့ ပွေ့ဖက်ထားမှုထဲမှာ ပိတ်မိနေတာကြောင့် မွန်းကြပ်သလို ခံစားနေရတယ်။ သူ့အမေနဲ့ သူစိမ်းတစ်ယောက်ရဲ့ လိမ်ယှက်နေတဲ့ပုံတွေကို မြင်ပြီးကတည်းက သူ့အမေရဲ့ အရေပြားပေါ်ကနွေးထွေးမှုကို သူသည်းမခံနိုင်ခဲ့ဘူး။ ဆားနံ့သင်းတဲ့ပင်လယ်ရေက သူ့အမေရဲ့ ပြင်းထန်တဲ့ရေမွှေးနံ့နဲ့ ရောနှောသွားပြီး သူ့နှာခေါင်းပေါက်ဝဆီ ပျံ့လွင့်လာခဲ့တယ်။ သူ့နားထဲမှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ စူးစူးရှရှအသံတစ်ခုကို ကြားနေရလေတယ်။
"ငါလိုချင်ခဲ့သမျှက အချစ်ပဲ! အချစ်ပဲလို့!"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now