POBE Ch-48

2.2K 447 17
                                    

Unicode

လက်ရှိရန်ဇီလည်း အဲဒီလိုပဲတွေးမိတယ်။

ရန်ဇီ ခေါင်းလှည့်ပြီး ကုရှောင်ရှန်းရဲ့မျက်နှာကို ကြည့်လိုက်တယ်။ ဓာတ်လှေကားထဲက မီးရောင်က အဲဒီတုန်းက သဘာဝလအလင်းရောင်ထက် အဆပေါင်းတစ်ရာလောက်ကို ပိုတောက်ပနေပြီး ကုရှောင်ရှန်းရဲ့ မျက်နှာအစိတ်အပိုင်းတွေကို အသေးစိတ် မီးမောင်းထိုးပြထားသလိုပဲ၊ ချို့ယွင်းချက်တွေကိုတောင်မှ တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်တယ်။ လရောင်အောက်က နှစ်ဆယ်ကျော်ရုံရှိသေးတဲ့ ကုရှောင်ရှန်းနဲ့ယှဉ်ရင် အခုကုရှောင်ရှန်းရဲ့မျက်နှာပေါ်မှာ သိသာတဲ့အနာအဆာလေးတွေ ရှိနေတယ်။ သူ့မှာ အရေးအကြောင်း ခပ်ပါးပါးလေးရှိနေပြီ၊ သူ့နှုတ်ခမ်းတွေကလည်း ပါးလျနေပြီ၊ ပါးရိုးတွေက နည်းနည်းမြင့်နေပြီး မျက်လုံးတွေကလည်း နည်းနည်းပိုကျဉ်းလာတယ်။ ဒါပေမဲ့ သူဘယ်လောက်ပဲ အပြစ်ရှာနေပါစေ၊ ကုရှောင်ရှန်း သူ့ကိုလှည့်ကြည့်လာတဲ့အခါမှာတော့ ရန်ဇီ ချက်ချင်းကို ဝိဉာဉ်ပျောက်သွားတော့တယ်။

ကုရှောင်ရှန်း နည်းနည်းကူကယ်ရာမဲ့သွားတယ်။
"ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ?"

"မင်းကကြည့်ကောင်းလို့လေ" ရန်ဇီ ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်တယ်။

ကုရှောင်ရှန်း တန့်သွားပြီး ရန်ဇီ့ကို စိုက်ကြည့်လိုက်တယ်။ ရန်ဇီက ဘယ်တုန်းကမှ ကုရှောင်ရှန်းမျက်လုံးတွေထဲကအကြည့်ကို တောင့်မခံနိုင်ခဲ့ဘူး။ တစ်ခါတုန်းက ကောင်မလေးတစ်ယောက်က ရန်ဇီ့ဆီကိုလာပြီး ညည်းတွားဖူးတယ်။
"ကုရှောင်ရှန်းက ငါ့ကိုမကြိုက်ဘူးဆိုရင်လည်း ဘာလို့အမြဲတမ်းငါ့ကို နူးနူးညံ့ညံ့နဲ့ ကြည့်ရတာလဲ?"

အဲဒီတုန်းက ရန်ဇီ နည်းနည်းအာရုံစိုက်ကြည့်လိုက်တော့ ကုရှောင်ရှန်း လူတစ်ယောက်ကို သေချာကြည့်နေပြီဆိုရင် သူ့အကြည့်တွေက အရမ်းကို'နူးညံ့'သွားတတ်တာ သူသိလိုက်ရတယ်။ 'နူးညံ့တယ်'ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ ဘယ်သူမှမသိပေမဲ့ ကုရှောင်ရှန်းရဲ့ စူးစူးစိုက်စိုက်အကြည့်တွေက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတာတော့ သိကြတယ်။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now