一个钢镚儿(A lucky coin)
အပိုင်း၁၂
ယမ့်ဟန်က ထိုနေရာမှာပင် ရပ်နေမိပြီး ချူးယိ၏ အရိပ်အား မမြင်ရတော့သည့် အချိန်ကျမှသာ ဆေးလိပ်အား နှုတ်ခမ်းတွင် တေ့၍ ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့သည်။
ချူးယိ၏ ထိုစကားက သူ့အား ပြောမပြနိုင်သည့် ခံစားချက်များကို ပေးစွမ်းလေသည်။
အနှေးနဲ့ အမြန် ထွက်သွားရမည်ပင်။
ဤသည်မှာ သူ နေရာတစ်ခုကို ရောက်တ်ိုင်း ဝင်လာသည့် အတွေးပင်။အမြဲတမ်း အဆုံးမသတ်နိုင်သည့် မသေချာမှုများမှလွဲ၍ သူ တစ်ခြားအကြောင်းအရာများကို မတွေးတောမိပေ။
သူက ဘယ်လိုနေရာမျိုးနှင့်မှ ပတ်သတ်မှုမရှိသောကြောင့်ပင်။
ငါရောက်လာတယ် ၊ ငါထွက်သွားတယ် ၊ ဒါက ငါ့ရဲ့ ခြေရာလက်ရာ မချန်ထားခဲ့ ငါ တစ်ကြိမ်တစ်ခါလောက် နေခဲ့ဖူးတဲ့ နေရာပဲ။
သို့ဖြစ်၍ ရောက်လာလိုက် ထွက်သွားလိုက်တွေက ဘယ်လ်ို စိတ်လေးမှုမှ မရှိခဲ့ပေ။
သ်ို့သော် အခု ချူးယိက ဒီလိုစကားမျိုး ပြောလာသည်ကို ကြားလိုက်ရသည့် အချိန်၌ သူအတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။
သူ ဒီနေရာတွင် ခြေရာလက်ရာ ချန်ထားမိလေပြီ။အလယ်တန်း ဒုတိယနှစ် တက်နေသည့် ကောင်လေးတစ်ယောက်ရှိပြီး သူ့ကို သတိရမိလောက်မည်။
တစ်နေ့မှာ သူနောက်ပြန် လှည့်ကြည့်မိသည့် အချိန်၌ ပုံရိပ်အများအပြား ရှိနေလိမ့်မည်။တစ်ချို့မြို့နှင့် ပတ်သတ်သည့် မှတ်ဥာဏ်များက ရိုးရှင်းလှသည့် နေရာတစ်နေရာထက် ဘာမှ မပိုပေ။
အိမ်ပြန်ရောက်လာချိန်တွင် အဖေက ရေချိုးပြီးသွား၍ ညအိပ်ဝတ်စုံကိုပင် လဲထားပြီးပြီဖြစ်သည်။စားပွဲပေါ်က ပစ္စည်းအားလုံးအား မီးဖိုခန်းထဲ သိမ်းဆည်းထားပြီးပြီဖြစ်သော်လည်း မဆေးရသေးပေ။ပန်းကန်အားလုံးအား လက်ဆေးစင်ထဲ စုပုံ၍ထည့်ထားသည်။
ယမ့်ဟန်က ပြေးပြီးတာနှင့် ဆက်တိုက် စားသောက်လိုက်မိရာ ၊ အခုတော့ အတော်လေး ပျင်းရိလာသည်။သို့ဖြစ်၍ သူ ဆိုဖာပေါ် ထိုင်ချလိုက်ပြီး မလှုပ်ရှားပဲ နေနေလိုက်သည်။