一个钢镚儿(A lucky coin)
အပိုင်း၄၉
ချူးယိမှာ ခေါင်းကိုငုံ့၍ ဘလက်ကော်ဖီအေးဘူး၏ အဖုံးက်ို ဖွင့်နေခြင်းဖြစ်ပြီး ၊ နှစ်ချက်လောက် လှည့်ဖွင့်ပြီးသည့် အချိန်မှာပင် ၊ ယမ့်ဟန်ပြောသည့် ထိုစကားကို ကြားလိုက်ရ၍ ဘူးအဖုံးကို ဖွင့်နေသည့်လက်မှာ မသိလိုက်မသိဘာသာဖြင့် အံ့သြမှုကြောင့် ချက်ချင်း အားပါသွားခဲ့သည်။
ဘူးထဲရှိ ဘလက်ကော်ဖီအေးများက ဘူးအဖုံးဆီ တန်းတက်လာခဲ့ပြီး ၊ ယမ့်ဟန်၏ ခြေထောက်တစ်ဖက်ကို စင်သွားခဲ့သည်။
"အိုင်း ! "
ယမ့်ဟန်က လန့်ဖြန့်သွားပြီး ဆိုဖာပေါ်မှ ခုန်ချလိုက်ကာ ဘောင်းဘီကို ကိုင်၍ ခါလိုက်သည်။
ချူးယိလည်း အလျင်အမြန်ပင် ဘူးက်ို ချလိုက်ပြီး ၊ တစ်သျှူးနှစ်ရွက်ကို အရင်ဆွဲယူ၍ ဆိုဖာပေါ်က ဘလက်ကော်ဖီများကို ပြောင်အောင် သုတ်လိုက်သည်။သားရေဆိုဖာ ဖြစ်နေ၍ တော်သေးသည်ပင်။ရေများက အထဲကို စိမ့်၀င်မသွားခဲ့ပေ။
"ငါ ဘောင်းဘီသွားလဲလိုက်ဦးမယ်"
ယမ့်ဟန်က ချူးယိကို ကြည့်လိုက်ပြီ
"မင်းကတော့ လုပ်လိုက်ရင်အလန့်တကြားနဲ့"
ချူးယိမှာ အတော်လေး အားနာမိသွားသည်။ယမ့်ဟန် ဘောင်းဘီသွားလဲနေသည့် အချိန်တွင် ၊ သူ အ၀တ်စုတ်တစ်ထည် သွားယူလိုက်ပြီး ၊ ဆိုဖာကို ထပ်သုတ်လိုက်ကာ ၊ ထိုင်၍ သက်ပြင်းချလိုက်မိသည်။
ယမ့်ဟန်က ဘောင်းဘီလဲပြီးသွားချိန်တွင် သူ့ဘေးနား ၀င်ထိုင်လာပြီး :
"မင်း ဘာမှမဖြစ်ဘူးမလား?"
"မဖြစ်ဘူး"
ချူးယိက နှာခေါင်းကို ပွတ်လိုက်ပြီး
"မင်း ...ဘယ်လို ခန့်,ခန့်မှန်းမိတာလဲ?"
"ခန့်မှန်းမိတယ်လို့လည်း မဟုတ်ပါဘူး ၊ အရင်တုန်းက သူက ငါနဲ့ရင်းနှီးအောင် လာရောနေတယ်လို့တော့ ခံစားမိတယ် ၊ နောက်ကျတော့ သူက လိင်တူစိတ်၀င်စားတဲ့သူလို့ မင်းက ပြောပြတယ်လေ"