一个钢镚儿(A lucky coin)
အပိုင်း၄၆
ချူးယိ အဆောင်ထဲ တစ်ပတ်ပတ်ကြည့်လိုက်သည်။အဆောင်က လူတွေ အိမ်ပြန်ကြသည်မှာ ထွက်ပြေးသွားကြသကဲ့သို့ပင်။ပစ္စည်းများကို ရှုပ်ပွနေအောင် လုပ်၍ ပစ်ထားခဲ့ကြသည်။သူ ပစ္စည်းတွေကို နေရာကျအောင် ပြန်ထားလိုက်ကာ၊ ပြတင်းပေါက်များနှင့် ၊ လျှပ်စစ်ကိရိယာများက်ို တစ်ခေါက်စစ်ဆေးလိုက်ပြီးနောက် ၊ လွယ်အိတ်ကိုယူ၍ လဲ၀တ်စရာ အင်္ကျီနှစ်စုံလောက်ကို ထိုးထည့်လိုက်သည်........
ယမ့်ဟန်အိမ်ကို သွားရတော့မယ် !
ဟားဟားဟား ယမ့်ဟန်အိမ်ကို သွားရတော့မယ် !
ယမ့်ဟန်အိမ်မှာနေပြီး အောက်တိုဘာတစ်ရက်နေ့ကို ကုန်ဆုံးမယ် !
လာ လာ လာ ! ဟား ဟား ဟား !
ချူးယိမှာ ပစ္စည်းများကို သိမ်းဆည်းနေရင်း သွားလိုက်လာလိုက်ဖြင့် ခုန်ပေါက်နေကာ ၊ တစ်ခါတစ်လေဆို လေထဲဆီသို့ လက်သီးဖြင့် ဝှေ့ယမ်းထိုးလိုက်ပြီး :
"ရား ! ရားရား ! ရား ! "
ပြီးသွားသည့် နောက်မှာတော့ သူ လွယ်အိတ်ကို လွယ်လိုက်ပြီး အဆောင်ထဲမှ ထွက်လိုက်ကာ ၊ တံခါးကို ပိတ်၍ သော့ခတ်လိုက်ပြီး ၊ တံခါးကို နောက်တစ်ခေါက် ထပ်တွန်းကြည့်လိုက်သည်။တံခါးလော့ကျသွားတာ သေချာမှ တိုက်ပေါ်ကနေ ပြေးဆင်းလာခဲ့လိုက်သည်။
သူ့တို့ အဆောင်တစ်ထပ်လုံးက ကျောင်းသားတွေ တစ်ယောက်မှ မရှိကြတော့ပေ။အကုန်လုံးက ကျောင်းသားအသစ်များ ဖြစ်ကြရာ ၊ အိမ်ပြန်ဖို့ စောင့်နေကြသည်မှာ တစ်လလောက်ပင် ရှိနေကြပြီဖြစ်သည်။
အောက်ထပ်က အဆောင်မှာတော့ လူတွေ ရှိနေကြသေးပြီး ၊ ခုနကမှ ထမင်းမှာလိုက်ကာ စင်္ကြံလမ်းပေါ်တွင် စကားပြောရင်း ထမင်းစားနေကြသည့် သူများလည်း ရှိနေသည်။
အကယ်၍ ယမ့်ဟန်သာ မရှိပါက ၊ ဒီရက်တွေမှာ လူတစ်ယောက်မှ မရှိတော့သည့် လေးထပ်မြောက်တွင် သူ တစ်ယောက်တည်း ကျန်နေခဲ့မှာဖြစ်ပြီး ၊ နေ့တိုင်း ငေးငိုင်နေရမှာပင်။ဒီနေရာတွင် သစ်ခေါင်းပေါက် တစ်ခုတစ်လေကိုမှ ရှာမတွေ့ရာ ၊ တိုးတိုးတိတ်တ်ိတ် ရင်ဖွင့်ရမည့် နေရာလည်း မရှိပေ။ကုတင်ပေါ်တွင် အားလျားမှောက်၍ မှတ်စုစာအုပ်ပေါ်တွင် စာရေးနေဖို့သာ ရှိသည်။