一个钢镚儿(A lucky coin)
အပိုင်း၈၄
လီရှောင်း၏ ကိစ္စကို သူ ယမ့်ဟန်အား မပြောပြတော့ပေ။အဓိက ကတော့ ဘယ်လိုပြောရမလဲဆိုတာကို မသိလို့ပင်။စကားနည်းနည်းလောက်သာ ပြောတာပဲ ရှိတာကြောင့် ၊ ယမ့်ဟန်ကိုသာ ပြောပြလိုက်လျှင် မိမိမှာ ကိစ္စနည်းနည်းလေးရှိလာသည်နှင့် အိမ်ထောင်ဦးစီးကို ပြန်ပြောပြတတ်သည့် မိန်းကလေးနှင့် တူသွားလိမ့်မည်ဟု ချူးယိ တွေးလိုက်မိသည်။
သို့သော်လည်း လီရှောင်းမှာ တစ်ခြား လှုပ်ရှားမှုများ ထပ်မရှိလာတော့ပေ။နှစ်ရက်ခြား ၊ သုံးရက်ခြား တစ်ခါ ကားလာဆေးတတ်သည်။ချူးယိ ရှိနေပါက ချူးယိကို ခေါ်ပြီး ဆေးခိုင်းတတ်သည်။ချူးယိ မရှိချိန် ၊ ချူးယိ မအားသည့် အချိန်များတွင်တော့ ၀န်ထမ်းဟောင်းများကို အမိန့်ပေးရင်း ဆေးခိုင်းတတ်သည်။
ဒီကိစ္စကို တစ်ခြား၀န်ထမ်းဟောင်းတွေက ဘာမှ မပြောကြပေ။အားချီတစ်ယောက်ကသာ နည်းနည်း မကျေမနပ် ဖြစ်နေတတ်သည်။
"ကားပြင်တဲ့ ဘက်မှာပဲ မင်း တစ်ချိန်လုံး နေ မနေနဲ့"
အားချီက ပြောလာသည်။
"မင်းက လက်တွေ့လေ့ကျင့်တဲ့သူတောင် မဟုတ်ပဲနဲ့ ၊ နွေရာသီအလုပ်သမားပဲဟာ ၊ ကားရေဆေးတဲ့သူက မလောက်ဘူး ၊ မင်းက ကိုယ့်ကိုကိုယ် ကားပြင်နိုင်တဲ့သူလို့ ထင်နေသေးတယ်"
ချူးယိက အားချီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ၊ ဘာမှ ပြန်မပြောလိုက်ပေ။
ကားပြင်ရန်အတွက် ချူးယိက ကိုယ့်ဘာသာ သွားနေခြင်းမဟုတ်ပေ။ကား ပြုပြင်ထိန်းသိမ်းသည့် ၀န်ထမ်းများမှာ အမှန်အတိုင်းပြောရလျှင် ကားရေဆေးသည့် ဒီလူများထက် ပို၍ အများကြီး ပေါင်းသင်းရ အဆင်ပြေလှသည်။တစ်ခါတစ်လေဆိုလျှင် သူတို့က အရင်စ၍ ချူးယိကို အတူတူသွားကြည့်ရန် ခေါ်တတ်ကြသည်။သူကလည်း စိတ်၀င်စားတာကြောင့် လိုက်သွားတတ်သည်။ဒီဘက်မှာ လျုံကော မရှိပါက ၊ သူ ဒီဘက်မှာ နေချင်စိတ် သိပ်မရှိပေ။