一个钢镚儿(A lucky coin)
အပိုင်း၉၇
ရှောင်လီအကင်ဆိုင်က အမြဲတမ်းလိုလို ရောင်းကောင်းလှသည်ပင်။အခု ရာသီဥတုက အေးလာပြီဖြစ်ရာ ၊ ထိုင်နေကြသည့်လူများမှာ ပို၍ပင် ပြည့်ညှက်နေသည်။
ယမ့်ဟန်၏ ဒီအတင့်ရဲသည့် လုပ်ရက်ကို တစ်ယောက်ယောက် မြင်သွားလားကိုတော့ ချူးယိ သေချာမသိပေ။သို့သော်လည်း မိမိမှာ နည်းနည်းလေးမှ ဂရုစိုက် မနေမိကြောင်းကို ရုတ်တရက် သတိထားလိုက်မိသည်။မြင်သွားလည်း မြင်သွားတယ်ပေါ့။ခဏနေ သူတို့နှစ်ယောက်ကို တစ်ယောက်ယောက်က လာနှင်ထုတ်လျှင်လည်း သူ ဒေါသမထွက်မိလောက်ပေ။တစ်ခါတည်း ထွက်သွားမိလောက်သည်ပင်။
သို့သော်လည်း လေးဖက်လေးတန်စလုံးက လုံး၀ ပုံမှန်အတိုင်းပင်။ထူးဆန်းသည့် အကြည့်များကိုပင် သူ မခံစားရပေ။
သူဌေးဦးလေးကြီးက သူတို့အတွက် အကင်လာချပေးသည့် အချိန်ကျမှသာ သက်ပြင်းချ၍ ပြောလာသည်။ :
"မင်းတို့လို အသက်ငယ်တဲ့ ကလေးတွေကတော့ ၊ နည်းနည်းပါးပါး သတိထားကြဦး ၊ မတော်လို့ မင်းတို့ရဲ့ ဒီပုံစံကို မြင်သွားပြီး အမြင်မကြည်တော့ပဲ ၊ ရန်ထဖြစ်ရင် မကောင်းဘူး"
"ကျေးဇူးပါပဲ"
ချူးယိက ရယ်လိုက်သည်။
"မြန်မြန် အရက်သောက် အသားစားကြ"
ဦးလေးကြီးက လက်ကိုဝှေ့ယမ်းပြကာ ၊ ထွက်သွားခဲ့သည်။
"နောက်ဆိုရင်တော့ ဒီလို သိပ်မလုပ်မှပဲ"
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ပြီး
"ငါလည်း ရုတ်တရက်ကြီး မထိန်းချုပ်နိုင် ဖြစ်သွားတာ ၊ ဒီလိုပုံစံက ယောကျာ်းလေးနဲ့ မိန်းကလေး ဆိုရင်တောင် ၊ ဘေးနားမှာ လူတွေ မရှိနေသလို ပြုမူနေတယ်ဆိုပြီး တစ်ခြားသူတွေ ပြောတာ ခံရရင် မကောင်းဘူးလေ"
"အင်း"
ချူးယိက ရယ်၍ ခေါင်းညိတ်ပြလိုက်သည်။