一个钢镚儿(A lucky coin)
အပိုင်း၂၃
မနေ့က ရဲတွေ ယမ့်ဟန်အိမ်ကို သွားခဲ့ကြသည်။
ဓာတ်ပုံထဲက ဟိုနောက်ကျောက ဦးလေးယမ့်ဆိုတာ ချူးယိ သေချာသိနေသည်။မမှားနိုင်ပေ။
ဒါဆို.......ဟိုကားက ဘယ်သူ့ရဲ့ ကားလဲဆိုတာကို ယမ့်ဟန်လည်း သေချာပေါက် သိနေမှာဖြစ်ပြီး ၊ အခင်းဖြစ်ရာနေရက တတိယမြောက်လူက ဘယ်သူလဲ ဆိုတာကိုလည်း သိနေမှာပင်။
ထိုအချက်က ချူးယိက အရမ်းကြောက်လန့်သွားစေသည်။
ထို့အပြင် သူ ပိုကြောက်မိသည့် အရာမှာ ၊ ဦးလေးယမ့် ဒဏ်ရါရသွားတာ ဖြစ်နိုင်ကြောင်းအား ယမ့်ဟန် သိသွားမှာကိုပင်။အဖေကတော့ ဒဏ်ရါ မရသွားခဲ့ပေ။
လူသုံးယောက်တွင် ၊ တစ်ယောက်က သေပြီး ၊ တစ်ယောက်က ဒဏ်ရါရသွားခဲ့ကာ ၊ တစ်ယောက်ကတော့ ဘာမှမဖြစ်ခဲ့ပေ..........
ချူးယိသည် သစ်ပင်အနောက်တွင် ရပ်နေပြီး ၊ ထိုကိစ္စကို စဥ်းစားမိလိုက်သည်နှင့် ၊ ချက်ချင်းပင် ကြောက်လန့်လာကာ ၊ မတ်တပ်ပင် မရပ်နိုင်တော့ပဲ ၊ သစ်ပင် ပင်စည်အား မှီထားလိုက်ရသည်။
ဒီရက်ပိုင်းအတွင်း သူ အရမ်းစိတ်ညစ်နေတာကြောင့် ၊ နှစ်ရက်လောက် ကျောင်းသွားမတက်ပေ။အိမ်မှာလည်း ပွက်လောရိုက်နေသည်။အဖေကလည်း ဘာသတင်းမှ မကြားရပဲ လူလည်း ရှာလို့မတွေ့ချေ။အိမ်ကိုလည်း မဆက်သွယ်လာခဲ့ပေ။
အမေက နေ့တိုင်း ဆိုဖာပေါ် ထိုင်၍ ငေးငိုင်နေပြီး ၊ အဖွားကတော့ နေ့တိုင်း ဆဲဆိုနေသည်။တွေ့သည့် လူတိုင်းကို လိုက်ဆဲနေပြီး ၊ အိမ်အပြင် တစ်ခါထွက်သည်နှင့် လူတစ်ယောက်နှင့် ရန်တစ်ပွဲလောက် ဖြစ်လာခဲ့သည်။
အိမ်မှာနှင့် ယှဥ်လျှင် ၊ အပြင်မှာ ပျံ့နေသည့် သတင်းက ပိုလို့တောင် ကြောက်ဖို့ကောင်းနေသည်။
အဖေက "ရန်သွားမစသင့်သည့် လူရိုးကြီး" ပင် ဖြစ်နေလေပြီ။
ကြည့်လိုက်လျှင် အရမ်းသည်းညည်းခံတတ်သည့် ပုံ ပေါက်နေသော်လည်း ၊ စိတ်တိုလာပါက ဓားနဲ့ တစ်ခါတည်း ထိုးသတ်သွားလိမ့်မည်။လူတစ်ယောက်ကို ထိုးသတ်သွားရုံနှင့် မလုံလောက်သေးပဲ ၊ တစ်ခြားတစ်ယောက်ကိုပါ ဒဏ်ရါရသည်အထိ ဓားနှင့် ထိုးလိုက်သည်။