一个钢镚儿(A lucky coin)
အပိုင်း၁၀၀
အစက ချူးယိ၏ အာရုံအများစုမှာ ယမ့်ဟန်ခန္ဓာကိုယ် အပေါ်တွင်သာ ရှိနေပြီး ၊ ကျန်နေသည့် အာရုံနည်းနည်းကို ယမ့်ဟန်အစား ဦးလေးယမ့်ကို လေ့လာဖို့ ချန်ထားခဲ့သည်။တစ်ခြားအကြောင်းအရာများကို သူ စဥ်းစားနေဖို့ မအားပေ။
အခုမှ ရုတ်တရက်ကြီး အသိပြန်၀င်လာရာ ၊ နောက်ကျနေသည့် စိုးရိမ်မှုများက ချက်ချင်းဆိုသလို သူ့နောက်ကျောအား ချွေးများဖြင့် စိုရွှဲသွားစေသည်။
ဦးလေးယမ့် ခေါင်းလှည့်ကြည့်လာသည့် အချိန်၌ ၊ ယမ့်ဟန်က သူ၏ လက်က်ို ဆုပ်ကိုင်ထားပြီး အရိုးချိုးသိုင်းကွက် လေ့ကျင့်နေသည်ကို ထပ်ပြီး တွေးမိသွားရာ......မင်းတို့နှစ်ယောက်က come out လုပ်တာလည်း လုပ်ပေါ့ ၊ ဘယ်လို့ဖြစ်ပြီး တရားရုံး တံခါးမကြီးအထိ လာပြီး ရှိုးလာပြနေကြတာလဲဟု ဦးလေးယမ့် ထင်သွားမလားတော့ မသိပေ။
အရမ်းကို ရဲတင်းနေတာပဲ။
ချူးယိမှာ ယမ့်ဟန်ကို စိုက်ကြည့်နေမိပြီး ၊ စိတ်ခံစားချက်များက နိမ့်လိုက် မြင့်လိုက်ဖြင့် အမျိုးမျိုး ပြောင်းလဲနေကာ ၊ အချိန်အတော်ကြာသည်အထိ စကားပင် မပြောနိုင်တော့ပေ။
"နှစ်လှမ်းလောက် လျှောက်ကြည့် ၊ ငါ ကြည့်ကြည့်မယ်"
ယမ့်ဟန်က ရယ်၍ ပြောလိုက်သည်။
"လမ်းလျှောက်လို့ ရသေးလား?"
"မင်း သတ်,သတ္တိရှိရင် ခေါင်းလှည့်,ကြည့်လိုက်လေ"
ချူးယိက ပြောလိုက်သည်။
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး :
"မဟုတ်တာတွေ တတ်နေပြီပဲ"
ချူးယိမှာ ရယ်လိုက်မိသည်။
ယမ့်ဟန်မှာ ခေါင်းလှည့်မကြည့်ရဲပေ။ဦးလေးယမ့်က အခု ၀င်သွားပြီဆိုတာကို သိနေတာတောင်မှ ၊ စောင့်ရှောက်ရန် လိုက်လာပေးသည့် ကားလည်း မောင်းထွက်သွားခဲ့ပြီ ဖြစ်တာတောင်မှ ၊ သူ ခေါင်းလှည့် မကြည့်ရဲပေ။