Part 9

3.6K 346 0
                                    

မုန်းမာန်ဖွဲ့ ရန်ငြိုး

M Link မှ ဖတ်ရန်
အစမှ

အခန်း-၉
အိမ်အပြန်လမ်းမှာ လန်ချောင်က သူမ မမေ့ခင် ရုတ်တရက် မေးလိုက်တယ်။
“သခင်မလေး။ အဲဇီးပန်းတွေကို သူများကို ဘာလို့ ပေးလိုက်တာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေက ကျွန်မတို့ ပိုက်ဆံကုန်ခဲ့ရတာ။ တကယ်လို့ သခင်မလေး  အဲဒါတွေကို လက်ဆောင်ပေးချင်ရင်တောင် အိမ်မှာ ထိုးရအောင် တစ်ကိုင်းလောက်တော့ ချန်ထားသင့်တယ်။ အဲဒါတွေကို သူစိမ်းတစ်ယောက်ကို ဘာမှ ပြန်မရဘဲ ဘာလို့ ပေးလိုက်တာလဲ”
“လန်ချောင် ငါ ပန်းတွေကို အလှဆင်တာ မင်းမြင်ဖူးလား”
ကျန်းယွမ်က ပြောလိုက်တယ်။
“ဒါက အမှန်ပဲ။ သခင်မလေးက အဲဒါတွေကို အရမ်းကြီး သဘောမကျဘူး”
လန်ချောင်က ခေါင်းယမ်းလိုက်တယ်။ ကျန်းယွမ်အမေ ရှိတုန်းက သူမက ပန်းတွေကို ကြိုက်ခဲ့သေးတယ်။ ဒါပေမဲ့ သူမ ဆုံးသွားပြီးနောက် ကျန်းယွမ်က နေ့တိုင်း ခက်ခက်ခဲခဲ နေထိုင်ခဲ့ရကာ ဦးစားပေးချစ်ခံရတာနဲ့ ပျော်ရွှင်ရတာတွေ ဆိုတာ မရှိတော့ဘူး။
“ဒီတော့ ငါ အဲဒါတွေကို မကြိုက်လို့ အဲဒါတွေကို သိမ်းထားစရာ မလိုဘူး”
ကျန်းယွမ် ဂရုမစိုက်သလို ပြောလိုက်တယ်။
“မျက်နှာသာ နည်းနည်းရဖို့အတွက် ဒီလို အကုန်အကျနည်းတဲ့ လက်ဆောင်ကို ဘာလို့ သူ့ကို မပေးနိုင်ရမှာလဲ”
“ဒါပေမဲ့ ဒီမျက်နှာသာရဖို့က ပိုက်ဆံကနေ လုပ်လိုက်ရတာလေ”
စိုးရိမ်မှုကြောင့် လန်ချောင်က အကြောင်းအရာကို တည့်တိုးထောက်ပြလိုက်တယ်။
“အဲဒီလူအိုကြီးက သူငယ်ချင်းလည်းမဟုတ် ပတ်သတ်မှုလည်း မရှိဘူးလေ။ သူ့ကို ဘာလို့ လက်ဆောင်ပေးရမှာလဲ”
ကျန်းယွမ်က စိတ်အေးတဲ့ပုံနဲ့ ဆက်လျှောက်သွားတယ်။
“ဟုတ်တာပေါ့ ဒီလိုလုပ်လိုက်လို့ ရမယ့် အကျိုးအမြတ်လည်း ရှိတာပေါ့။ ဒီကမ္ဘာကြီးထဲမှာ အရာရာတိုင်းက တန်ဖိုးရှိကြတယ်။ ဒီနေ့ ငါသူ့ကို ဇီးပန်းလေးတွေ လက်ဆောင်ပေးလိုက်တယ်။ အနာဂတ်မှာ သူ ပြန်ပေးရမယ့် တန်ဖိုးက ဒီဇီးပန်းလေးတွေထက် ပိုပြီးတန်ဖိုးကြီးတယ်။ အခု အဲဒီအတွက်ပဲ ငါတို့ အဲဒါကို မမြင်နိုင်သေးဘူး”
ဒီစကားတွေက မတိကျ။ ပိုင်ကျီက သူတို့ နောက်ကနေ တိတ်တိတ်လေး လိုက်လာနေချိန် လန်ချောင်က သူမ ကြားခဲ့တာတွေကို နားမလည် ဖြစ်နေတယ်။ သူတို့ နှစ်ယောက်လုံး စိတ်ရှုပ်နေကြတယ်။ ပိုင်ကျီက သူမနှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး။
“သခင်မလေးစကား အရဆိုရင် ကျွန်မတို့က အဲအဘိုးကြီးကို အနာဂတ်မှာ ထပ်တွေ့ရဦးမယ်လို့ ပြောတာလား။ ဒါပေမဲ့ ဒီနေ့ ဝယ်ခဲ့တဲ့ ဇီးပန်းတွေက ကြုံလို့ ဝယ်လိုက်တာလေ။ သခင်မလေးမှာ အစောကတည်းက အစီအစဉ် ရှိနေရင်တောင် ဒီအဘိုးကြီးက ရောက်လာပြီး သူများတွေနဲ့ စကားများမယ်မှန်း ဘယ်လိုလုပ် သိတာလဲ”
“ငါက နတ်မဟုတ်တော့ ဘယ်လိုလုပ်ပြီး အနာဂတ်ကို သိမှာလဲ”
ကျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်တယ်။ သူမ အသံက ညင်သာပေမဲ့ ပိုင်ကျီနဲ့ လန်ချောင်တို့က အဲ့စကားထဲက အေးစက်မှု အချို့ကို ခံစားလိုက်ရတယ်။ သူတို့က ကြက်သီးမွေးညင်း ထသွားတယ်။
နောက်ဆုံးတော့ သူတို့က အိမ်ကို တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အတော်အတန်ဝေးတဲ့ အကွာအဝေးကနေ အသစ်စက်စက် အစိမ်းရောင် နှစ်ထပ်အင်္ကျီကို ဝတ်ထားတဲ့ အစေခံတစ်ယောက် သူတို့ဆီ လာနေတာကို မြင်လိုက်ရတယ်။ သူမရဲ့ နှုတ်ခမ်းတွေကို အနီရောင် တောက်ပစွာ လိမ်းထားတယ်။ သူမက သူတို့ သုံးယောက်နား ရောက်တာနဲ့ အသံကျယ်ကျယ်နဲ့ ချဲ့ကားပြီး ပြောလိုက်တယ်။
“အိုင်းယား.. သခင်မလေး။ ရာသီဥတုက အပြင်မှာ တအားအေးတယ်။ သခင်မလေးရဲ့ ခန္ဓာကိုယ်က အခြေအနေ မကောင်းသေးတာကို ဘာလို့ အပြင်ကို အရဲစွန့်ပြီး ထွက်သွားတာလဲ။ သခင်မလေး ဘယ်ကို သွားတာလဲ။ ကျွန်မ အိမ်တစ်အိမ်လုံးကို ရှာပေမဲ့ သခင်မလေးကို ဘယ်မှာမှ ရှာမတွေ့ဘူး”
“ချိုက်ရင်း”
လန်ချောင်က သူမလက်တွေကို သူမတင်ပါးပေါ်မှာ ထောက်ထားလိုက်တယ်။
“နင် ဘာလို့ နေ့ခင်းကြောင်တောင်ကြီး ဆူဆူညံညံ လုပ်နေတာလဲ။ ငါတို့ သခင်မလေး ဘယ်သွားသွား နင့်ကို အကြောင်းကြားရမယ်လို့တော့ လာမပြောနဲ့”
“ငါက ငါတို့ သခင်မလေးကို စိတ်ပူတာပါ။ သခင်မလေး.. သခင်မလေးက နေပြန်ကောင်းလာတာ မကြာသေးဘူး။ ဒီနှစ်သစ်ကူးမှာ မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေ ဖြစ်လာခဲ့ရင် ကျွန်မ ဘယ်လိုလုပ်ရမှာလဲ”
သူမရဲ့ တုန်ယင်နေတဲ့ အသံနဲ့ ချိုက်ရင်းက အလွယ်တကူ ရင်ဆိုင်လို့တော့ မရနိုင်ဘူး။
ပိုင်ကျီ မျက်မှောက်ကြုတ်လိုက်တယ်။
“နင်က ငါတို့ သခင်မလေးရဲ့ အပြည့်အဝ နေကောင်းတာ မဟုတ်ဘူး ဆိုတာတော့ သိသေးသားပဲ။ ဒါကို ဘာလို့ နင် အကျယ်ကြီး ပြောနေတာလဲ။ နင့်ရဲ့ဆူညံသံက သူမကို ခေါင်းကိုက်စေလိမ့်မယ်”
ချိုက်ရင်းက သူမပါးစပ်ကို ပွတ်သပ်ပြီး ကျန်းယွမ်ကို ပြောလိုက်တယ်။
“သခင်မလေး ကျွန်မမှာ အကြံကောင်း ရှိပါတယ်။ သခင်မလေးက အခု နေမကောင်း ဖြစ်နေတုန်းပဲ ဆိုတော့ သခင်မလေး အပြင်ကို လမ်းလျှောက် မထွက်သင့်ဘူး ပြီးတော့ အပြင်လူတွေကို အတင်းပြောဖို့ ခွင့်မပြုသင့်ဘူး”
ကျန်းယွမ် သူမကို တိတ်ဆိတ်စွာ ကြည့်လိုက်တယ်။ ချိုက်ရင်းနဲ့ ကျူးရင်တို့က အဆင့်မြင့် အစေခံတွေဖြစ်တယ်။ ပြီးတော့ သူမရဲ့အခြေအနေက အိမ်ထဲမှာ တော်တော်မြင့်တယ်။ တစ်နှစ်ပတ်လုံး ကျူးရင်က အိမ်ပြင်မှာ အလုပ်ရှုပ်နေတော့ သူမက ကျန်းယွမ်ကို နှောက်ယှက်ဖို့ အခွင့်အရေးက အလွန်ရှားတယ်။ ဒါပေမဲ့ ချိုက်ရင်းက အိမ်တွင်းကိစ္စတွေကို အဓိက တာဝန်ယူရတာ ဖြစ်တယ်။ သူမက ကျန်းလန်မိသားစုနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ်။ သူမက ကျန်းလန်ကို အလုပ်အကျွေးပြုဖို့ပဲ စိတ်အားထက်သန်တော့ သူမက မကြာခဏ ကျန်းယွမ်ရဲ့ဘဝကို ခက်ခဲအောင်လို့ အထက်လူကြီးရဲ့ ဆန္ဒအတိုင်း လုပ်ခဲ့တယ်။ ကျန်းယွမ်ရှေ့မှာ ချိုက်ရင်းက ကျန်းယွမ်ကို အရေးမထားသလိုမျိုး လေးစားမှု လုံးဝမပြခဲ့ဘူး။ အဲ့ဒီအစား သူမက ကျန်းလန်တို့မိသားစုကို သူမထက်ပိုပြီး လေးစားမှုပြုခဲ့တယ်။
ကျန်းယွမ် ချိုက်ရင်းကို ရှင်းရှင်းလင်းလင်း မှတ်မိသေးတယ်။ သူမရဲ့ အရင်ဘဝမှာ သူမ ချန်ကျောက်ကို ဖြားယောင်းတယ် ဆိုတဲ့ သတင်း တောမီးလို ပြန့်သွားတာမှာ ချိုက်ရင်းက မီးလောင်ရာလေပင့်လိုက်လို့ ဖြစ်တယ်။ သူမက အစေခံတွေ ကြားထဲမှာ အဖြစ်အပျက်ကို သူမ မြင်ခဲ့ရသလိုမျိုး ပြောပြတယ်။ ဒါကြောင့် အတင်းစကားတွေက ပိုဆိုးရွားလာပြီး ကျန်းယွမ်ကို စောစော ထိခိုက်စေခဲ့တယ်။
ကျန်းယွမ်က အချိန်အတော်ကြာ စကားပြန်မပြောလို့ ချိုက်ရင်းက သူမကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။ သူမရဲ့ အကြည့်က ကျန်းယွမ်ရဲ့ အကြည့်နဲ့ ဆုံသွားတယ်။ သူမရဲ့နူးညံ့တဲ့ အကြည့်က ဖော်မပြနိုင်လောက်အောင် ထိတ်လန့်စရာ ကောင်းပြီးတော့ သူမက မကြာခင် ပျက်စီးတော့မဲ့ သနားစရာအရာတစ်ခုကို သေချာ ကြည့်နေသလိုမျိုး။
“သခင်မလေး”
ချိုက်ရင်းက မျက်ခုံးကိုတွန့်လိုက်တယ်။
“ဘယ်သူက အတင်းပြောနေတာလဲ”
ကျန်းယွမ်က သူမနှုတ်ခမ်းကို ကွေးလိုက်ပြီး အပြုံးလေးနဲ့ စိုက်ကြည့်လိုက်တယ်။ သူမကိုယ်သူမ တခြားတစ်ယောက်လိုမျိုး သူမရဲ့မျက်ခုံးတွေက အပေါ်ကို ယောင်ယောင်လေး တွန်းကွေးသွားတယ်။ သူမရဲ့ဆွဆောင်မှုက ရုတ်တရက် တောက်ပလာတယ်။ ချိုက်ရင်းက အမျိုးသမီး တစ်ယောက်ဆိုပေမဲ့ ကျန်းယွမ်ရဲ့ ကျက်သရေရှိမှုက သူမကို စကားမပြောနိုင်လောက်အောင် ဆွဲဆောင်သွားတယ်။
“မင်းက အထောက်အထားမရှိဘဲ ကောက်ချက်ချတာတွေ လုပ်နေတဲ့တစ်ယောက်လို့တော့ ငါ့ကို မပြောနဲ့”
ကျန်းယွမ်ရဲ့ နောက်ထပ်ပြောစကားက ချိုက်ရင်းရဲ့ အတွေးကို ထိန်းလိုက်နိုင်တယ်။ သူမက အံ့အားသင့်သွားပြီး ခေါင်းကို အလိုအလျောက် ခါယမ်းလိုက်ပြီး၊
“ဟုတ်တာပေါ့။ အဲဒါ ကျွန်မမဟုတ်ဘူး”
“ခွေးတစ်ကောင်ဆိုတာ အပြင်လူတွေကို ကိုက်ဖို့၊ သူ စောင့်ရှောက်ရမယ့် သူတွေကို ကိုက်ဖို့ မဟုတ်ဘူး။ တကယ်လို့ ခွေးက အပြင်လူတွေနဲ့ တွေ့တဲ့အခါမှာ မကိုက်ရင် သူ့ရဲ့ အဆုံးသတ်က ဘာလဲ သိလား”
ကျန်းယွမ်က သူမကို မေးလိုက်တယ်။
“ဟုတ်တာပေါ့ အဲဒါက အရသာရှိတဲ့ ဟင်းပွဲ ဖြစ်သွားလိမ့်မယ်”
ကျန်းယွမ်က နောက်ဆုံးနှစ်လုံးကို ဖြည်းဖြည်းချင်း အလေးထားပြီး နူးညံ့စွာ ပြောလိုက်တယ်။ ချိုက်ရင်းက ထိန်းချုပ်ခံထားရသလိုမျိုး ဗလာမျက်ဝန်းတွေက ကျန်းယွမ်ကို စိုက်ကြည့်နေတယ်။ နေရောင်အောက်မှာ ကျန်းယွမ်ရဲ့ ဖြူဖွေးတဲ့ အသားအရည်နဲ့ လှပတဲ့မျက်နှာက ကြောက်ဖို့ကောင်းနေတယ်။ ချိုက်ရင်း မသိစိတ်ကနေ နောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်မိတယ်။
“သခင်မလေး ဒေါ်လေးလန်က အိမ်မှာ စောင့်နေတယ်။"
ပိုင်ကျီနဲ့လန်ချောင် ရဲ့ အမူအရာတွေက တစ်ပြိုင်နက် ရှုံ့မဲ့သွားတယ်။ အစေခံတစ်ယောက် အနေနဲ့ သူမက စောင့်နေတယ် ဆိုတဲ့ စကားလုံးကို သုံးရဲတယ်။ သူမမှာ လေးစားမှု လုံးဝမရှိဘူး။ ကျန်းလန်မိသားစုက သူတို့ ထုံးစံအတိုင်း စကားပါးတာကို တမင် လုပ်ခဲ့တယ်။ အပေါ်ယံမှာတော့ သူတို့က သူတို့ရဲ့ပြဿနာတွေကို မထုတ်ဖော်ပေမဲ့ အတွင်းမှာတော့ သူတို့က ကျန်းယွမ်အပေါ် အရမ်းရက်စက်ကြတယ်။
“သူ ငါ့ကို စောင့်နေတုန်းလား”
ကျန်းရါမ် ခေါင်းနည်းနည်း မော့လိုက်တယ်။
“ဒါဆို သွားရအောင် ငါ သူ့ကို အကြာကြီး မစောင့်ခိုင်းစေချင်ဘူး”
သူမ သူမရဲ့အင်္ကျီက အစိမ်းရင့်ရောင် ကြယ်သီးကို ထိလိုက်တယ်။
အိမ်ထဲမှာ လူနှစ်ယောက်က မီးသွေးမီးဖို ရှေ့မှာ ထိုင်နေကြတယ်။ ဆယ့်သုံးနှစ်အရွယ် ကောင်မလေးက လူလတ်ပိုင်း အမျိုးသမီးကို ဖက်ထားပြီး အရေးပါသလို ပြောလိုက်တယ်။
“ဒီမှာ အေးတယ်။ မကောင်းတဲ့ အနံ့အသက်က ပျံ့နေသလိုပဲ။ သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းဆိုးနေတာ မဆန်းပါဘူး”
“ဖန်းအာ မဟုတ်တာတွေ မပြောနဲ့”
အမျိုးသမီးက ဆုံးမလိုက်တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် သူမက ငါတို့ရဲ့သခင်ပဲ။ မင်း သူ့ကို အရမ်းနှိပ်စက်စရာ မလိုဘူး။ ဒါက ငါတို့ကို ဆန့်ကျင်လာနိုင်တယ်” ဒါက အပြစ်တင်ဆုံးမနေတာ ဆိုပေမဲ့ သူမလေသံက ချစ်ခြင်းတရားတွေ ပြည့်နှက်နေတယ်။
ကောင်မလေးက ထိုင်တဲ့နေရာနေ ထရပ်လိုက်တယ်။
“သူမက ဘယ်လိုလုပ် သမီးတို့ရဲ့သခင် ဖြစ်နိုင်မှာလဲ။ သူ့မရဲ့ စုတ်ပြတ်ပြီး သနားစရာကောင်းတဲ့ ပုံစံကိုလည်း ကြည့်အုံး။ သမီးတို့ရဲ့သခင်ကြီးက သူမကို ဂရုမစိုက်တော့ဘဲ စွန့်ပစ်လိုက်ပြီ။ သမီး သူ့ကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာ သိပါတယ်။ အမေ သမီးရဲ့ခေါင်းပေါ်က ဒီရွှေရောင်ဆံထိုးလေးကို ကြည့်ပါအုံး။ အဲဒါမလှဘူးလား”
သူမက ခေါင်းကို ငုံ့ကာ ဂျုံးလုံးအရွယ် ပုလဲတွေ စီထားတဲ့ ဆံထိုးကို ပြလိုက်တယ်။
အသားနည်းနည်းညိုတဲ့ သူမရဲ့ မျက်နှာက ပုံမှန်ပါပဲ။ သူမက ပျိုနီပန်းပုံ ပန်းထိုးထားပြီး အိစက်နေတဲ့ ပန်းရောင်အင်္ကျီကို ဝတ်ထားတယ်။ အနီရောင်အလွှာနဲ့ ခရမ်းရောင်ဂါဝန်က သူမရဲ့ အောက်ပိုင်းတစ်ဝက်ကို ရစ်ပတ်ထားပြီး ရောင်စုံကျောက်စိမ်း ကြိုးအရှည်ကို သူမခါးမှာ ချိတ်ဆွဲထားတယ်။ ရတနာရှစ်ခုပါတဲ့ နားကပ်တွေက သူမရဲ့ နားကနေ တွဲလောင်းကျနေတယ်။ သူမလည်ပင်းမှာ ကြီးမားတဲ့ ရွှေရောင်ဆွဲကြိုးက ရစ်ပတ်ထားတယ်။ သူမက အိမ်ထဲက အစေခံရဲ့သမီးဆိုပေမဲ့ သူမ ဝတ်ဆင်ပုံက ချမ်းသာတဲ့အိမ်က သမီးနဲ့ တန်းတူပဲ။
“အရည်အသွေးက မဆိုးပါဘူး။ ဖန်းအာက အဲဒါကို လှလှပပ ဝတ်ထားတာပဲ” ကျန်းလန် ချီးကျူးလိုက်တယ်။
ချန်ဖန်းက အားရဝမ်းသာ ရယ်လိုက်တယ်။ အပြင်က အသံတိုးတိုးလေး ပြောလာတဲ့အခါမှာ သူမ ပိုပြောတော့မလိုပဲ။
“ဒေါ်လေးလန်က ကျွန်မရဲ့အိမ်ထဲမှာ အကြာကြီး စောင့်နေတာပဲ အရေးကြီးကိစ္စ တစ်ခုခု ရှိလို့လား”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now