part 94(2)

2.1K 252 2
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 112

အခန်း - ၉၄ အပိုင်း(၂)

အိမ်တော်ကို ပြန်လာတဲ့ တစ်လမ်းလုံးမှာ ကျန်းရှင်းကျီက မနေ့ညက ကျန်းယွမ်နဲ့ ရှောင်ရှို့ ကြားမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို သွယ်ဝိုက်တဲ့ နည်းနဲ့ မေးခဲ့တယ်။ ကျန်းယွမ်က ဘာမှဖြစ်ခဲ့ဘူးလို့ပဲ ပြောပေမဲ့ ကျန်းရှင်းကျီက သူမကို မယုံသလိုမျိုး ကြည့်ခဲ့တယ်။ ပြီးတော့ သူမကို ဘေးခေါ်ပြီး သူက ပြောတယ်။
“အားယွမ် ညီမလေးက ငယ်သေးတော့ မသိသေးတာတွေ အများကြီးရှိတယ်။ အနာဂတ်ကျရင် ယောက်ျားတွေကို တွေ့ရင် အမြင်ကျယ်ကျယ်ထားပြီးတော့ သူတို့ ဖြားယောင်းတာ မခံနဲ့။ အပြောချိုတဲ့ ကောင်တွေ ပြောတာကိုလည်း နားမယောင်နဲ့ သိလား။”
‘ဒီနည်းလမ်းက သူမကို ငယ်ငယ်ကတည်းက ယောက်ျားတွေကို ဘယ်လို အကဲခတ်ရမလဲဆိုတာကို သင်ပေးတဲ့ နည်းလား။’
ကျန်းယွမ် စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီးတော့ ကျန်းရှင်းကျီကို ပြောလိုက်တယ်။
“ညီမလေးတို့ အဖေကို တွေ့ကြုံခဲ့ပြီးမှ ကိုကြီးက ညီမလေးကို ယောကျာ်းတွေအပေါ် ဘယ်လို မျှော်လင့်ချက်မျိုး ထားစေချင်သေးတာလဲ။”
ကျန်းရှင်းကျီ ကြက်သေသေသွားတယ်။
ကျန်းယွမ် သူ့ကို ကြည့်ပြီးတော့ လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်။
“ညီမလေး ငယ်ငယ်ကတည်းက ညီမလေး ဒီကမ္ဘာရဲ့ အကြင်အနာမဲ့ဆုံးနဲ့ စိတ်ဆတ်တဲ့လူကို မြင်ထားရတာကို ဘယ်လိုလုပ်ပြီး ညီမလေးက ယောကျာ်းတချို့ရဲ့ အပြောချိူချိုလေးတွေ အောက်မှာ ကျရှုံးမှာလဲ။ အခုမှ မဟုတ်ဘူး အနာဂတ်မှာလဲ ကျရှုံးမှာ မဟုတ်ဘူး။ ညီမလေး လက်ထပ်ရမယ့် အရွယ်ရောက်ရင် ညီမလေး သူစိမ်းတစ်ယောက်ကို လက်မထပ်ချင်ဘူး။ ညီမလေး ဘဝကို သူနဲ့ အတူ မဖြတ်သန်းချင်ဘူး။ သူနဲ့အတူ အိမ်တော်ထဲမှာ တစ်နေကုန် တခြားသူတွေနဲ့ စကားမများချင်ဘူး။ ဖြစ်နိုင်ရင် လက်မထပ်ပဲနဲ့ ကိုကြီးနောက်ကိုပဲ လိုက်ချင်တယ်။”
ဒါက အမှန်တကယ်ပင်ဖြစ်တယ်။ သူမက သူမရဲ့ မုန်းတီးမှုတွေကို ဒီဘဝထဲကို ယူဆောင်လာခဲ့ပြီးတော့ သူမရဲ့ ရန်သူတွေကို ငရဲကို သူမလက်နဲ့ သူမကိုယ်တိုင်ပဲ ပို့ချင်ခဲ့တယ်။ ကျန်းရှင်းကျီပြောတဲ့ သူတွေ၊ တကယ်လို့ သူမက သူတို့ထဲက တစ်ယောက်ကို တွေ့ရင်တောင် သူမက သူတို့နဲ့ ပတ်သက်ချင်မှာ မဟုတ်ဘူး။
ကျန်းရှင်းကျီက သူ့ညီမရဲ့ လေးနက်တဲ့ ပြောဆိုပုံကို အကဲခတ်ပြီးတော့ သူ့နှလုံးသားက တုန်လှုပ်သွားတယ်။ ကျန်းယွမ်က ဒါတွေကို တည်ငြိမ်စွာနဲ့ ပြောလိုက်ပေမဲ့ အဲ့အချိန်မှာ သူက နက်ရှိုင်းတဲ့ ဝမ်းနည်းမှုကို ခံစားလိုက်ရတယ်။ သူတို့က နီးကပ်တဲ့ သံယောဇဉ်၊ တူညီတဲ့ မိဘတွေကနေ မွေးဖွားခဲ့တာ ဖြစ်ပေမဲ့ သူက သူမရဲ့ ဝန်ထုပ်ဝန်ပိုးကို နည်းနည်းလေးတောင် မသယ်နိုင်ခဲ့ဘူး။ သူက ဒီကမ္ဘာပေါ်ကနေ နောက်တစ်စက္ကန့်နေရင် ပျောက်ကွယ်သွားတော့မယ့် သရဲလို သူမရဲ့ အထီးကျန်တဲ့ ပုံစံကို ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။
ခဏကြာတော့ သူက သိမ်မွေ့စွာ ပြောလိုက်တယ်။
“အဲဒါ မှားတယ်….. ဒီကမ္ဘာပေါ်က ယောကျာ်းတွေ အကုန်လုံးက ကိုယ်ကျင့်တရား ပြတ်လတ်ပေမဲ့ တကယ်လို့ ညီမလေး စောင့်လိုက်ရင် အဲ့လောက်မဆိုးတဲ့ တစ်ယောက် နှစ်ယောက်လောက်တော့ ရှာတွေ့မှာပါ။….. ညီမလေး တစ်သက်လုံး လက်မထပ်တာတော့ မလုပ်ပါနဲ့။…..”
ကျန်းယွမ်က ဘာမှပြန်မပြောခဲ့ဘူး။
သူတို့နှစ်ယောက် ကျန်းအိမ်တော်ကို ပြန်ရောက်လာတော့ သူတို့သတင်းကြားပြီးတော့ တံခါးဝမှာ စောင့်နေတဲ့ လုကျူးနဲ့ ပိုင်ကျီတို့ကို တွေ့လိုက်တယ်။ သူတို့ ကျန်းယွမ်ကို တွေ့တော့ ငိုပြီး ခေါ်လိုက်တယ်။
“သခင်မလေး။”
လုကျူးနဲ့ ပိုင်ကျီတို့က ကျန်းယွမ်ကို လူကူတယ်။ သူတို့က ကျန်းယွမ်ရဲ့ အဝတ်တွေကို တွေ့တော့ သူတို့ အော်ပြောလိုက်တယ်။
“သခင်မလေး ဒဏ်ရာရလာတာပဲ။”
ပိုင်ကျီက သူမကို စိုးရိမ်စွာနဲ့ ကြည့်လိုက်ပေမဲ့ ကျန်းရှင်းကျီက ပြောလိုက်တယ်။
“အားယွမ် ကိုကြီး သမားတော်တစ်ယောက် သွားရှာလိုက်ဦးမယ်။ ညီမလေး ခြံထဲကို အရင်သွားနားနှင့်။ နင်တို့ အစေခံ နှစ်ယောက်ကလည်း ဂျင်းစွပ်ပြုတ်သွား ပြုတ်ချေ။ သူမ အပြင်မှာ တစ်ညနေခဲ့ရတော့ သူမ အအေးမိရင် မိလာမှာ။”
ပိုင်ကျီနဲ့ လုကျူးက အမြန် သူမကို ကူပြီးတော့ ကျန်းယွမ်ကို သူမ အိမ်တော်ဆီကို ပြန်လာတယ်။ သူမ အိပ်ရာပေါ်မှာ လှဲလိုက်တာနဲ့ ပိုင်ကျီက ဂျင်းစွပ်ပြုတ် သွားရှာပြီးတော့ လုကျူးက ကျန်းယွမ်က အဝတ်သစ် လဲပေးတယ်။ကျန်းယွမ်က မေးလိုက်တယ်။
“လန်ချောင်ရော ဘယ်လိုလဲ။”
လန်ချောင်က လီအန်း ခုတ်တာခံခဲ့ရပြီးတော့ သွေးတွေ အန်ခဲ့လို့ ကျန်းယွမ်က သူမရဲ့ လက်ရှိအခြေအနေကို မသိခဲ့ဘူး။ လုကျူးက ပြောတယ်။
“မမ လန်ချောင်က အဆင်ပြေပါတယ်။ သခင်လေး ခေါ်ခဲ့တဲ့ သမားတော်ကပြောတယ် သူမက လဝက်အတွင်း ကောင်းလာမှာတဲ့။ ဒါပေမဲ့ သခင်မလေး အရမ်း နာနေလားဟင်။”
သူမက ရေသန့်ယူလာပြီးတော့ မနေ့ညက ဆေးလိမ်းထားတဲ့ ကျန်းယွမ်ရဲ့ အနာကို ဂရုတစိုက်နဲ့ ဆေးကျောပေးတယ်။ အံ့အားသင့်စွာနဲ့ သူမက ပြောလိုက်တယ်။
“အာ အနာက ကျက်နေပြီပဲ။ ကောင်းသားပဲ။ အသားက ပြန်ဆက်နေပြီဆိုတော့ အနာက ပိုဆိုးမလာလောက်တော့ဘူး။”
ကျန်းယွမ် ကြည့်လိုက်တယ်။ သေချာသလောက်ပဲ မနေ့ညက သူမ ဆေးထည့်ခဲ့တဲ့ အနာက အပေါ်ယံ အမာရွတ်လေးတောင် ဖြစ်နေပြီပဲ။ သူမက အတွေးတချို့ တွေးပြီးတော့ ရှောင်ရှို့ သူမကို ပေးခဲ့တဲ့ ကြွေပုလင်းလေးကို သူမရဲ့ အင်္ကျီလက်ထဲက ထုတ်ပြီးတော့ လုကျူးကို ပေးလိုက်တယ်။
“ ဒါက အနာတွေအတွက် ဆေးပဲ။ သေသေချာချာ သိမ်းထားလိုက်ဦး။”
ဆေးက အရမ်းအစွမ်းထက်ပြီးတော့ သူတို့ အနာဂတ်မှာလည်း သုံးရင် သုံးရနိုင်တယ်။
လုကျူးက ဆေးကို ကြည့်ပြီးတော့ ရှူကြည့်လိုက်တဲ့ အချိန်မှာ အဲဒါက ကောင်းတဲ့ ပစ္စည်းဆိုတာ သိလိုက်တယ်။ ဘာမှထပ်မပြောဘဲ သူမက ပုလင်းကို ယူပြီး သိမ်းဖို့ နေရာရှာလိုက်တယ်။ ပိုင်ကျီက စွပ်ပြုတ်ပန်းကန်ကိုင်ပြီး ပြန်လာတယ်။ ကျန်းယွမ်က တစ်ငုံသောက်ပြီးတော့ သူမရဲ့ အေးစက်တဲ့ ခန္ဓာကိုယ်က နည်းနည်းနွေးလာတယ်လို့ ခံစားလိုက်ရတယ်။ သူမက မေးလိုက်တယ်။
“ရန်ဟွယွမ်မှာ အခြေအနေ ဘယ်လိုရှိလဲ။”
ပိုင်ကျီက ဒီမေးခွန်းကို ကြားတော့ ရယ်ပြီး ပြောလိုက်တယ်။
“ဒဏ်ရာ ရတာတွေအကုန်လုံးထဲမှာမှ မနေ့က ဒုတိယသခင်မလေးက သူမ မျက်နှာကို သွေးတွေနဲ့ ဖုံးပြီး ပြန်လာတယ်။ ကြည့်ရတာ သူမရဲ့ ရထားလုံး မှောက်သွားတဲ့ အချိန်မှာ သူမ ဆူးပင်တွေကြားထဲ ကျသွားတယ်နဲ့ တူတယ်။ စစ်သားတွေက သူမကို အကြာကြီး ရှာခဲ့ရပြီးတော့ သူမရဲ့ ကုသမှုကခံယူဖို့က နှောင့်နှေးသွားတယ်။ သမားတော်ကလည်း ပြောတယ် သူမရဲ့ မျက်နှာက အမာရွတ်တွေ ကျန်ခဲ့မှာဖြစ်တယ်တဲ့။”
‘နှောင့်နှေးမှုလား။’ ကျန်းယွမ် မျက်မှောင်ကြုတ်လိုက်တယ်။ အရင်နေ့က ရှာဖွေနေတဲ့ စစ်သားတွေအကုန်လုံးက ကွမ်မိသားစုတပ်တွေ ဒါမှမဟုတ် ကျောက်မိသားစုတပ်တွေပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့က ဘယ်သူ့ရဲ့ တပ်တွေ ဖြစ်နေဖြစ်နေ သူတို့ အကုန်လုံးက ကျန်းရှင်းကျီရဲ့ အမိန့်အောက်မှာဖြစ်တယ်။ ဒါက တမင်လုပ်တာများ ဖြစ်နိုင်မလား။ ဘာပဲဖြစ်ဖြစ် သူမက ကျန်းစုစုအတွက် မျက်ရည်ကျမှာ‌တော့ မဟုတ်ဘူး။
သူမက ပိုင်ကျီ ဆက်ပြောတာ ကြားလိုက်ရတယ်။
“ဒါ့အပြင် ဒုတိယသခင်လေးက တကယ် ငတုံးပဲ။ ဒါတွေ ဖြစ်နေတဲ့အချိန်မှာ သူက ရထားလုံးထဲမှာ တစ်ယောက်တည်း ထိုင်နေပြီးတော့ ခြစ်ရာလေးတစ်ခုတောင် မထင်ခဲ့ဘူး။ ဒါ့ကြောင့် သူ့ကို သူပုန်တွေနဲ့ ပူးပေါင်းကြံတယ်လို့ ယူဆလိုက်ပြီးတော့ ဖမ်းခံလိုက်ရတယ်။ ရန်ဟွယွမ်က အခု သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေပြီးတော့ ဒုတိယသခင်လေးကို ကယ်ဖို့ နည်းလမ်းတွေ စဉ်းစားနေကြတယ်။”
ကျန်းယွမ်က ဒါကို ကြားတော့ နည်းနည်း အံ့အားသင့်သွားတယ် သူမက စွပ်ပြုတ်ပန်းကန်ကို ချပြီး ပြောလိုက်တယ်။
“သူက တကယ်ပဲ အဖမ်းခံလိုက်ရတာလား။”
“သူ့လုပ်ရပ်အတွက် သူပြန်ခံစားရတာ သိသာနေတာပဲကို။”
လုကျူးက ဆေးကို သိမ်းပြီး ပြန်လာတဲ့ အချိန်မှာ ပြောလိုက်တယ်။ သူမက ဆက်ပြောတယ်။
“ဒုတိယသခင်လေးက သူ့ ရထားလုံးထဲမှာ တစ်ချိန်လုံးထိုင်နေပြီး စိမ်ပြေနပြေနဲ့ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေတာလို့ ကျွန်မကြားတယ်။ စစ်သားတွေ သူ့ကို ရှာတွေ့တော့ သူတို့ အံ့အားသင့်သွားကြတယ်။”
သူမ ပြောတာက ရယ်စရာကောင်းတာကို သူမသိသွားပြီးတော့ တခစ်ခစ်နဲ့ ရယ်လိုက်တယ်။
ကျန်းယွမ်က နက်ရှိုင်းစွာ စဉ်းစားနေတယ်။ ‘ကျန်းချောင်ရဲ့ စိတ်ထားနဲ့ သူက ဒီလိုမျိုး ပြုမူတာ မယုံနိုင်စရာပဲ။ သူက စိတ်ကြီးဝင်ပြီးတော့ သည်းခံခြင်းဆိုတာ ဘာမှ သိတဲ့သူ မဟုတ်ဘူး။ အခြေအနေ တစ်ခုက နည်းနည်း သဘောကျချင်စရာကောင်းတယ်လို့ သူ ခံစားမိတာနဲ့ သူက မျောပါသွားပြီးတော့ စိတ်ကျေနပ်လာမှာဖြစ်တယ်။ ဒါမှမဟုတ် အဲ့အချိန်တုန်းက သူက ဒုက္ခရောက်မယ့်သူက ကျန်းယွမ်ဖြစ်ပြီးတော့ ကျန်းစုစုနဲ့ တခြား မိန်းမပျိုလေးတွေ အော်နေတာက ဟန်ဆောင်တာလို့ တွေးမိတာနေမှာ။ သူက စစ်သားတွေ သူတို့ဆီကို ဒီလောက် မြန်မြန် ရောက်လိမ့်မယ်လို့ ထင်မထားလောက်ဘူး။ ဒီတော့ စစ်သားတွေ ရောက်လာတဲ့ အချိန်မှာ တောင်ကုန်းဓားပြတွေ လာပြီး တိုက်ခိုက်ခံရတဲ့ သူတစ်ယောက်အဖြစ် အမြန် ဟန်မဆောင်နိုင်ခဲ့တာနေမှာ။
တကယ့်ကို ငတုံးပဲ။
ဒါပေမဲ့ ကျန်းချောင်ကို သူပုန်တွေနဲ့ ပူးပေါင်းပြီး ဒီရာဇဝတ်မှုကို ပြုလုပ်တယ်ဆိုတဲ့ အပေါ်ကို ဒီတစ်ချက်တည်းနဲ့ ပြစ်ဒဏ်ချမှတ်ဖို့ အတွက်က မဖြစ်နိုင်ဘူးဆိုတာကိုလည်း ကျန်းယွမ်သိတယ်။ ခိုင်မာတဲ့ သက်သေ မရှိသ၍ ဘယ်သူကမှ ကျန်းချောင်ကို ပြစ်ဒဏ်ချမှတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက ကွပ်မျက်ခံရမှာ မဟုတ်ပေမဲ့လည်း သူ့ကို အဲ့ ဆိုးရွားတဲ့ထောင်ကနေ လွတ်အောင် လုပ်ဖို့က လွယ်မှာ မဟုတ်တာတော့ သေချာတယ်။ ရှယန် နင် ဒီကိစ္စကို ဖြေရှင်းဖို့ နင် ခေါင်းခြောက်အောင် စဉ်းစားရမှာ စိုးတယ်။’
သူမက အတွေးထဲမှာ နစ်မြောနေတုန်း တတိယတန်းစား အစေခံတစ်ယောက်က တံခါးကို မဝံ့မရဲလာခေါက်တယ်။ ကျန်းယွမ်က သူမကို ဝင်လာဖို့ ပြောလိုက်တော့ အစေခံက ဝင်လာပြီး ပြောတယ်။
“သခင်မလေး သခင်မရဲ့ ကိုယ်ပိုင်အစေခံ မမလင်းလန်က သခင်မကို ရန်ဟွယွမ်ကို လာလည်ဖို့ ဖိတ်ခိုင်းလိုက်ပါတယ်။”
‘ဘယ်သူက ဒီအကြံကို သူမခေါင်းထဲ ထည့်လိုက်တာလား။’
ကျန်းယွမ်က ယဲ့ယဲ့ပြုံးလိုက်ပြီးတော့ သူမရဲ့ မျက်ဝန်းထဲမှာ လှောင်ပြောင်မှု အရိပ်အရောင်က ခဏလောက် ဖြတ်သန်းသွားတယ်။ သူမက ဂျင်းစွပ်ပြုတ်ကို မလိုက်ပြီးတော့ ဟိုဘက်ဒီဘက် ရွေ့နေပြီး ပူနွေးတဲ့ စွပ်ပြုတ်ဆီက အငွေ့တွေကို သူမရဲ့ မျက်ဝန်းတွေကို ဖုံးကွယ်လိုက်တယ်။
ပိုင်ကျီရဲ့ မျက်ဝန်းတွေက သူမအဲ့အစေခံကို သေသေချာချာ ကြည့်နေတယ်။ ချက်ချင်းပဲ လန်ချောင်ရဲ့ ထုံးစံအတိုင်း စိတ်မရှည်တဲ့ သဘောထားနဲ့ သူမက ပြောလိုက်တယ်။
“နင်ကန်းနေတာလား. သခင်မလေးက အသက်ဘေးကနေ ကပ်သီးလေး လွတ်လာတာကို မမြင်ဘူးလား။ သခင်မလေး ဒဏ်ရာရခဲ့ပြီးတော့ ကျန်းမာရေး ကောင်းနေတာလည်း မဟုတ်ဘူး။ ငါတို့က သခင်မလေး လမ်းလျှောက်ဖို့ အားတောင် မရှိမှာ စိုးရိမ်နေတာ။ သူမကို သမားတော်လာ စမ်းသပ်ဖို့ ငါတို့က စောင့်နေတာ။ သခင်မရဲ့ နှလုံးသားက အရမ်း ရက်စက်တာပဲ။ ဘယ်လိုလုပ်ပြီး သူမက သခင်မလေး အပေါ်ကို ဒီလောက်တောင် မစာနာရတာလဲ။ အဲဒါ နင် မိန်းမပျက်က မဟုတ်တာတွေ လျှောက်ပြောနေတာပဲ ဖြစ်ရမယ်။”
တတိယတန်းစားအသေခံက နောက်ကို ဆုတ်သွားပြီးနောက် အလန့်တကြားနဲ့ သူမ‌ ခေါင်းကို ခါရင်း ဆက်တိုက်ပြောလိုက်တယ်။
“ဒီအစေခံက အလိမ်အညာတွေ မပြောရဲပါဘူး။”
လူကျူးက စိတ်မရှည်စွာ ပြောလိုက်တယ်။
“နင် ဒီမှာ ဘာဆက်လုပ်နေတာလဲ။ အမြန် ပြန်သွားပြောလေ။ ငါတို့မိသားစုရဲ့ သခင်မလေးက အနာဂတ်မှာ သူမရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေဖို့ အခုအချိန်မှာ အနားယူဖို့ လိုတယ်လို့။”
ဒါကို ပြောပြီးတော့ အစေခံဆီမှာ ပြောစရာ စကား ရှိနေသလားဆိုတာ ဂရုမစိုက်တော့ဘဲ လုကျူးက အစေခံကို အခန်းအပြင် တွန်းထုတ်လိုက်ပြီးတော့ တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်တယ်။
“သခင်မလေး ဒီအစေခံ လုပ်လိုက်တာ ကောင်းတယ်မလား။”
လုကျူးက ကျယ်မောစွာ ရယ်လိုက်ပြီးတော့ ပြောလိုက်တယ်။
“ရန်ဟွယွမ်က လူတွေကို ခဏလောက် သူတို့ရဲ့ ပြဿနာတွေနဲ့ သူတို့ကို ပြန်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားပါစေ။ သခင်မလေး မနေ့ညက ဒဏ်ရာရထားတာဆိုတော့ ဒီနေ့ သခင်မလေး ခန္ဓာကိုယ်ကို အားပြန်ဖြည့်ဖို့ တစ်ခုခုစားရမယ်။ ကျွန်မ သခင်မလေးအတွက် ဘာအားဆေး ဖျော်ပေးရမလဲ။”
* * *
ရန်ဟွယွမ်မှာ ရှယန်က လင်းလန် ပြောတာကို ကြားတဲ့အချိန်မှာ သူမက ဒေါသအရမ်း ထွက်သွားပြီးတော့ သူမရဲ့ လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်တယ်။ အံကြိတ်လိုက်ပြီး သူမက ပြောလိုက်တယ်။
“သူမကများ ရာရာစစ။”
သူမက တကယ်ပဲ ဒီလိုအရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပြောရဲတယ်ပေါ့။ သူမက အိမ်တော်ကို ဒဏ်ရာအသေးလေးနဲ့ ပြန်လာတာကို လူတိုင်းသိတယ်။ အဲ့နေ့တုန်းက သူမ ချောက်ကမ်းပါးထဲကို ခုန်ချတုန်းက ရှောင်ရှို့ကိုယ်တိုင် သူမကို ဆင်းကယ်ခဲ့တာ ဖြစ်ပြီးတော့ ဒီနေ့ကျ ကျန်းရှင်းကျီက သူမကို အိမ်တော်ကို အခမ်းအနားနဲ့ ပြန်ပို့ခဲ့တယ်။ သူမက ကုတင်ပေါ်မှာ လှဲနေတဲ့ ကျန်းစုစုကို ငေးကြည့်လိုက်တယ်။ သူမရဲ့ မျက်နှာပေါ်မှာ နာကျင်မှုတွေ ဖြတ်သန်းသွားတယ်။ ကျန်းယွမ်က သူမရဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်လို့ ပြောရဲသေးတယ်။ ဒါပေမဲ့ စုအာ အတွက်ကရော သူမက အခု ပျက်စီးသွားတဲ့ မျက်နှာနဲ့ အိပ်ရာထဲမှာ လှဲနေတယ်လေ။ သူမ သတိပြန်ရလာတဲ့ အချိန်ကျ သူတို့ ဘာလုပ်ပေးနိုင်မလဲ။
ရှယန်က တင်းကျပ်စွာ လက်သီးဆုပ်လိုက်တယ်။ ကျန်းချောင်လည်း ရှိသေးတယ်။ ဘယ်သူက သူ ထောင်ထဲကို ရောက်သွားမယ်လို့ ထင်မှာလဲ။ ကျန်းချွမ်က အဲ့ကို အရာရှိတွေနဲ့ ညှိနှိုင်းဖို့ သွားနှင့်ပြီဖြစ်ပေမဲ့ ပုန်ကန်ဖို့ ခေါင်းဆောင်တဲ့ထဲမှာ ပါတာက ကိစ္စသေးသေးလေးတော့ မဟုတ်ဘူး။ သူမက အစကတည်းက ကျန်းယွမ်က ရှောင်ရှို့နဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာကို တွေးထားတယ်။ အဲဒါကြောင့် ကျန်းယွမ်က ရှောင်ရှို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီးကူညီခိုင်းမယ်လို့ တွေးခဲ့တယ်။ ကျန်းအိမ်တော်ရဲ့ မောင်နှမအတွက် ဒါမှမဟုတ် ကျန်းယွမ် ရှောင်ရှို့ရဲ့ အကူအညီကို တောင်းဖို့ ငြင်းဆိုမှာ မဟုတ်မှန်း သူမ စိတ်ကူးမိတယ်။
သူမက သူမရဲ့ လူတွေနဲ့ တံခါးပိတ်ပြီးတော့ ဒီလို ကြီးမားတဲ့ အကြောင်းပြချက်တွေ ပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ထိခိုက်ထားတာ ဟုတ်လား။ ကျန်းမာရေး မကောင်းတာ ဟုတ်လား။
‘ခွေးမ။’ ရှယန် လက်သီးဆုပ်လိုက်တယ်။ ဒီအခြေအနေက အရမ်း အရေးပါနေပေမဲ့ ရှချန်းက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဒီရွှံ့ရေတွေထဲကို လက်လွတ်စပယ် ကူးဖြတ်မှာ မဟုတ်ဘူး။ သူတို့ ဘာလုပ်နိုင်လဲ။ သူမက ဒီပြဿနာကို ခဏလောက် စဉ်းစားပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။ သူမက ပြောတယ်။
“ငါ့ကို ငါ့ရဲ့ စတိုခန်းသော့ ယူလာခဲ့ပေး။”
“သခင်မ ဘာတွေးနေတာလဲ။”
လီမော့မော့က မေးလိုက်တယ်။
“ကျရှုံးမှုကို မလိုချင်တဲ့သူက ဘာကိုမှ ရနိုင်မှာမဟုတ်ဘူး။ အခုချိန်မှာ ချောင်အာရဲ့ အသက်က အရေးကြီးဆုံးပဲ။”
ရှယန်က အံကြိတ်ရင်း ပြောလိုက်တယ်။
* * *
ကျန်းရင်းဝမ်အိမ်တော်မှာ ရဲ့ဖန်းက ဘာမှသတိမပေးဘဲ ဒူးထောက်လိုက်ပြီး ပြောလိုက်တယ်။
“ဒီလက်အောက်ငယ်သားက အမှားပြုလုပ်မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ။”
သူက ရှောင်ရှို့ရဲ့ ကယ်တင်သူက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အမှားလုပ်မိပြီးတော့ ရှောင်ရှို့ကို ကယ်တင်တဲ့သူရဲ့ ရန်သူကို ကယ်တင်သူအနေနဲ့တောင် အတည်ပြုခဲ့မိတယ်။ တကယ်လို့ ရဲ့ဖန်းက ဆယ်ခါပြန်သေရင်တောင် လုံလောက်မှာ မဟုတ်လောက်ဘူး။ သူက သေရမှာကို မကြောက်ပေမဲ့ ရှောင်ရှို့က သူ့ကို သူ့ဘေးမှာ မနေခိုင်းမှာကိုတော့ ကြောက်တယ်။ သူက စိတ်ဓာတ်မကျဘဲ မနေနိုင်ခဲ့ဘူး။ ကျန်းယွမ်က အစေခံအဖြစ် ရုပ်ဖျက်ပြီးတော့ အဖွဲ့နဲ့ ရောနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ။ ပြီးတော့ အဲ့နေ့မှာ အမွှေးတိုင်လှူတယ်ဆိုပြီး လူမြင်ကွင်းကို ချပြခဲ့တာက ဒုတိယကျန်းသခင်မလေး ဖြစ်နေတယ်။ အဲဒါ တကယ်ကို ကံဆိုးတာပဲ။
ရှောင်ရှို့က ခံစားချက်မဲ့စွာ ပြောလိုက်တယ်။
“ပိုင်ကျန်းလိုကို သွားပြီးတော့ မင်းရဲ့ အပြစ်ကို လက်ခံချေ။”
ရဲ့ဖန်းက စိတ်သက်သာရာ ရသွားပြီးတော့ ရှောင်ရှို့က ဆက်ပြောတာကို ကြားလိုက်ရတယ်။
“ကျင်းရီက မင်းရဲ့ နေရာကို ယာယီဖြည့်ထားလိမ့်မယ်။”
ရဲ့ဖန်းက တိတ်ဆိတ်နေတယ်။
“….”
ရဲ့ဖန်းက ခေါင်းငုံ့ပြီး ထွက်သွားတယ်။ သူထွက်သွားတာနဲ့ တံခါးနားမှာ နားထောင်နေတဲ့ အိမ်တော်ထိန်းလင်းက ထွက်လာတယ်။ သူ့မျက်နှာက ကရုဏာထားမှုတွေနဲ့ ပြည့်နေပြီးတော့ အိမ်တော်ထိန်းလင်းက ပြောလိုက်တယ်။
“အားဖန်း မင်း ဘယ်လိုလုပ်ပြီးတော့ ဝမ်လူကြီးမင်းကို စိတ်တိုစေခဲ့တာလဲ။ ဟေး။ နေဦးလေ။ အမြန်ကြီး မသွားနဲ့ဦးလေ။ မနေ့ညက ဝမ်လူကြီးမင်းနဲ့ အကြီးဆုံး သခင်မလေးကြားမှာ ဘာဖြစ်သွားလဲဆိုတာ ငါ့ကို ပြောပြဦး။ ဘယ်လိုလုပ်ပြီး သူက သူမကို ကယ်ဖို့ ခုန်ချခဲ့တာလဲ။”
ရှောင်ရှို့ စုတ်တံကိုင်ပြီးတော့ သူ့ရှေ့က စာရွက်ပေါ်မှာ စာလုံးတချို့ မရေးခင် ရဲ့ဖန်းထွက်သွားတာကို စောင့်လိုက်ပြီးတော့ စာရွက်ကို ကြေးဘူးလေးထဲ ဝင်နိုင်လောက်တဲ့ အရွယ်အစားဖြစ်တဲ့ စာလိပ် သေးသေးလေးအဖြစ် လိပ်လိုက်တယ်။ သူက စားပွဲပေါ်က ခေါင်းလောင်းလေးကို လှုပ်လိုက်တော့ ခိုဖြူလေးတစ်ကောင်က ပြတင်းပေါက်ကနေ ဝင်လာပြီးတော့ စားပွဲပေါ်မှာ ‘ကူး ကူး’ ဆိုပြီး မြည်ပြီးတော့ နားလိုက်တယ်။
ရှောင်ရှို့ ကြေးဘူးလေးကို ခိုဖြူရဲ့ ခြေထောက်မှာ ချည်ပေးလိုက်တယ်။ ခိုက ခေါင်းစောင်းလိုက်ပြီးတော့ သူ့ကို ကြည့်ပြီး သူ့လက်ချောင်းကို အကြိမ်းပေါင်းများစွာ ပွတ်သပ်နေတယ်။ ရှောင်ရှို့က ခိုရဲ့ ခေါင်းကို ပွတ်လိုက်ပြီး လက်မြှောက်လိုက်တဲ့ အချိန်မှာ ခိုက ပြတင်းပေါက်ကနေ ပျံထွက်သွားတယ်။
သူ ခေါင်းငုံ့လိုက်ပြီး သူ့အကြည့်က စားပွဲပေါ်က ကျောက်စိမ်းဒိုင်လျှံဟွ ပယင်းနားကပ်လေး အပေါ်ကျရောက်နေတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now