Part 113(1)

1.7K 173 6
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြိုး

Part 149

အခန်း - ၁၁၃ အပိုင်း(၁)

ရုတ်တရက် လေပွေတစ်ခုက ဆင်းသက်လာပေမဲ့ နောက်ဆုံးမှာ ခံစားခဲ့ရတဲ့သူက သွေးထိုးတဲ့သူပဲ ဖြစ်တယ်။
ယွမ်ဂျူထဲမှာ လန်ချောင်က ပြောလိုက်တယ်။
“သူမ ဒီလိုရက်စက်တဲ့ နှလုံးသားနဲ့ ငါတို့ရဲ့ သခင်မလေးကို ချောက်ချဖို့ ကြိုးစားခဲ့တယ်။ သူမ အခု အဲ့ထဲကနေ ဘယ်လိုရုန်းထွက်မလဲ ဆိုတာ ကြည့်ရတာပေါ့။”
ပိုင်ကျီက ကျန်းယွမ်ရဲ့ မျက်နှာပေါ်က ဒဏ်ရာကို ဆေးလိမ်းပေးနေပြီး သူမကို ကြည့်ရတာ အရမ်းပူပန်နေပုံရတယ်။ ရိုက်ချက်က သူမရဲ့ ဖြူဖွေးတဲ့မျက်နှာပေါ်မှာ အရမ်းနီရဲလာပြီးတော့ အထင်းသား ပေါ်နေတယ်။
“သခင်ကြီးက အရမ်းကြမ်းတမ်းတာပဲ။ ဘာပဲဖြစ်ဖြစ် သခင်မလေးကလည်း ဒီမိသားစုရဲ့ အကြီးဆုံးသမီးပါပဲ။ ဘယ်လိုလုပ်ပြီးတော့ သူက သူမကို အပြင်လူတွေ ရှိနေတာကို ဒီလိုအားကြီးနဲ့ ရိုက်ရတာလဲ။”
ပိုင်ကျီနဲ့ လန်ချောင်က နောက်ဆုံးမှာ ကျန်းချွမ်က ကျန်းယွမ်ကို သူ့ရဲ့ သမီးအနေနဲ့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့တာကို နားလည်သွားပြီးတော့ သူမရဲ့ လေသံက အပြစ်တင်ပြီးတော့ ဒေါသထွက်တဲ့ လေသံပါနေတယ်။
ထျန်ကျူးက ဘေးကနေ ကြည့်နေတယ်။ ကိုယ်ခံပညာရှင် တစ်ယောက်အနေနဲ့ ကျန်းယွမ် ခံခဲ့ရတဲ့ ရိုက်ချက်က ဘယ်လောက်တောင် အားပြင်းလဲဆိုတာ သူမသိတယ်။ သူမက ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားနေတယ်။ သူမက ကျန်းချွမ်ရဲ့ ကျန်းယွမ်အပေါ်မှာ ဒီလိုအေးစက်စွာ ဆက်ဆံတာကို ပထမဆုံးအကြိမ် တွေ့တာဖြစ်တယ်။ ကမ္ဘာပေါ်က ဘယ်သွေးသားတော်စပ်တဲ့ အဖေကမှ ဒီလိုပြင်းထန်တဲ့ ရိုက်ချက်မျိုးနဲ့ ရိုက်မှာ မဟုတ်ဘူး။
ကျန်းယွမ်က ထျန်ကျူး ငေးနေတာကို မြင်တော့ ပိုင်ကျီကို ပြောလိုက်တယ်။
“ထျန်ကျူးကိုလည်း ဆေးတချို့ ပေးလိုက်ပါဦး။”
ထျန်ကျူးက သူမအတွက် ကျန်းချွမ်ရဲ့ ရိုက်ချက်တစ်ချက်ကို ခံခဲ့ရပြီးတော့ အဲဒါကလည်း သာသာလေးတော့ မဟုတ်ခဲ့ဘူး။
ထျန်ကျူးက ပြောလိုက်တယ်။
“မလိုပါဘူး။ ဒီလက်အောက်ငယ်သားက အစေခံတစ်ယောက်ပါ။ တကယ်လို့ အပြင်လူတွေက ဒီအစေခံရဲ့ မျက်နှာက အမြန်ပျောက်သွားရင် သူတို့က သံသယရှိလာပါလိမ့်မယ်။”
ကျန်းယွမ်က ခဏတွေးလိုက်ပြီး ပြောလိုက်တယ်။
“မင်း ခံစားခဲ့ရတာက အလဟဿ မဖြစ်စေရဘူး။”
ထျန်ကျူးက ဘာမှမပြောခဲ့ဘူး။
ညတာက ကုန်ဆုံးသွားတယ်။ နောက်တစ်ရက်ကျ လုကျူးက ကျန်းချွမ်က ပေါင်ကျီခန်းမကို စုံစမ်းဖို့ လူလွှတ်လိုက်တယ်လို့ လာပြောတယ်။ သက်လတ်ပိုင်းအရွယ်သမားတော် ပြောခဲ့သလိုပဲ ရှယန်က သူမရဲ့ အစေခံကို ပေါင်ကျီခန်းမကို ကိုယ်ဝန်ပျက်ကျပြီးရင် သောက်ဖို့ ဆေးပင်တွေသွား ဝယ်ခိုင်းခဲ့တယ်။ ဒေါသတကြီးနဲ့ ကျန်းချွမ်က ချက်ချင်းပဲ လင်းလန်နဲ့ ဖေးချွဲ့တို့ကို ဖမ်းပြီးတော့ သူတို့ကို ရှယန်ဖောက်ပြန်တဲ့ ကိစ္စကို မေးမြန်းတော့တယ်။ ဒါပေါ့ သူတို့နှစ်ယောက်က မဖြေကြတော့ ကျန်းချွမ်က ပိုပြီး စိတ်တိုလာပြီး သူတို့နှစ်ယောက်ကို သူတို့ကို သတ်လိုက်တယ်။
ကျန်းအိမ်တော်ထဲက လင်းလန်နဲ့ ဖေးချွဲ့တို့က အဆင့်မြင့် အစေခံတွေဖြစ်ပေမဲ့ သူတို့က ဒီလိုဆိုးရွားတဲ့ အဆုံးသတ်နဲ့ အဆုံးသတ်ခဲ့ရတယ်။ ဘယ်သူကမှ မလုံခြုံဘူး။ ကျန်းချွမ်က ဒေါသတကြီးနဲ့ ရန်ဟွယွမ်က အစေခံတွေ အကုန်လုံးကို ပတ်ရမ်းပြီးတော့ သူတို့ မဝန်ခံမချင်း နှိပ်စက်ခဲ့တယ်။ မခံနိုင်တော့တဲ့ အစေခံတွေက သူက မကြာသေးခင်က မြို့တော်ကနေ ထွက်သွားတဲ့ ခရီးသည်တစ်ယောက်လို့ ပြောခဲ့တယ်။
ဒီရှယန် ဖောက်ပြန်တယ်ဆိုတဲ့ အချက်က ကျန်းချွမ်ကို ချက်ချင်းပဲ ကွာရှင်းဖို့ တောင်းဆိုစေခဲ့တယ်။ ကျန်းစုစုက သူ့ရဲ့ စာကြည့်ခန်းရှေ့မှာ တစ်ညလုံးဒူးထောက်ခဲ့ပြီးတော့ ကျန်းချောင်က အဲဒါကို ကြားကြားချင်းပဲ အမြန် ရွှမ်းလီကို ကြားဝင်ပြီး ဖျန်ဖြေပေးဖို့ ဖိတ်ခဲ့တယ်။ ရှယန်က ကျန်းမိသားစုနဲ့ ရှမိသားစုကို နှောင်ကြိုးဖွဲ့ပေးခဲ့တာဖြစ်လို့ ရှမိသားစုကလည်း သူတို့ မျက်နှာပျက်သလို ခံစားခဲ့တယ်။ အဲဒါကို ဆွေးနွေးပြီးတော့ ကျန်းချွမ်က နောက်ဆုံးမှာ ရှယန်ကို ကွာရှင်းဖို့ကို အလျှော့ပေးခဲ့ပေမဲ့ ဒါက သူမကို လွှတ်ပေးမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ သူက ခြံထဲမှာ ဘုရားခန်းလေးတစ်ခု ဆောက်ခဲ့ပြီးတော့ ရှယန်ကို အဲ့ထဲမှာ တစ်နေ့လုံး ဘုရားစာရွတ်ခိုင်းခဲ့ပြီးတော့ တခြားသူတွေကို သူမ ဗုဒ္ဓဘာသာကို ပြောင်းသွားပြီလို့ ပြောခဲ့တယ်။
အဲ့ကတည်းက ကျန်းအိမ်တော်က ပြင်းပြင်းထန်ထန် ပြောင်းလဲနေတာဖြစ်ပြီးတော့ ရှယန်က ကျန်းချွမ်ရဲ့ ချစ်ခင်မှုနဲ့ သူမရဲ့ အာဏာတွေ အကုန်ဆုံးရှုံးလိုက်တယ်ဆိုတာကို အကုန်လုံးက သိခဲ့တယ်။ အိမ်တော်ထဲက လူတိုင်းက ကြိုပြီးတော့ ငါးယောက်မြောက်ကိုယ်လုပ်တော် ဟုန်ရင်းကို ထောက်ခံမှုတွေ စပြလာကြတယ်။ တချို့တွေကလည်း ဒုတိယကိုယ်လုပ်တော်ကို ထောက်ခံနေပြီးတော့ ကျန်းလီတို့ သားအမိနှစ်ယောက်ကို ဝိုင်းကူညီကြတယ်။
ဟုန်ရင်းက ငယ်ပြီး လှပပြီးတော့ ကျန်းချွမ်ရဲ့ သဘောကျမှု ခံရပေမဲ့ ကံမကောင်းစွာနဲ့ သူမက ကလေးမရှိတော့ သူမရဲ့ အဆင့်အတန်းက အရမ်းနိမ့်နေတယ်။ တစ်ဖက်မှာလည်း ဒုတိယကိုယ်လုပ်တော်က သူမရဲ့ မိဘတွေရဲ့ ထောက်ပံ့မှုကို ရထားရုံတင်မကဘဲ ကျန်းချွမ်နဲ့ သမီးတစ်ယောက်လည်း ရထားတယ်။ ကျန်းအိမ်တော်ထဲက အင်အားကွန်ရက်က မကြာခင်မှာပဲ စိတ်ရှုပ်ထွေးစရာ ဖြစ်လာတယ်။
လုကျူးက လှောင်လိုက်ပြီးတော့ ကျန်းယွမ်ရဲ့ ဆံပင်ကို ဖီးပေးရင်းနဲ့ ပြောလိုက်တယ်။
“ဘာလို့ အိမ်တော်ထဲမှာ ဒီလောက်တုံးတဲ့သူတွေ အများကြီးရှိနေတာလဲ မသိဘူး။ သူတို့တွေ အကုန်လုံးက ဘောပဲလိုက်မနေကြတာပဲ။ တကယ်လို့ သခင်မလေး ကျွန်မကို မေးရင် သူတို့က သခင်မလေးကို အာရုံစိုက်သင့်တယ်။ ကျွန်မတို့ သခင်မလေးက အိမ်တော်ရဲ့ တကယ့်သခင်တင် မကဘဲ မယ်တော်ယိတျယ်ကိုယ်တိုင် ဘွဲ့ချီးမြှင့်ထားတဲ့ ကျွမ်းကျူ့တစ်ယောက်လည်းဖြစ်တယ်။ အဲ့ပြဿနာအိုး ကိုယ်လုပ်တော်တွေနဲ့ ပိုပြီးတော့တောင် မယှဉ်သင့်ဘူး။”
ကျန်းယွမ်က သူမကို ကြည့်လိုက်တယ်။
“တကယ်လို့ အဲ့လိုဆိုရင် မင်းက ဒီမှာ အထက်မြက်ဆုံးပေါ့ ဟုတ်လား။”
အနေရခက်တဲ့ အနေနဲ့ ပြုံးလိုက်ပြီး လုကျူးက ပြောလိုက်တယ်။
“ဒီအစေခံက အဲ့လို ပြောတာ မဟုတ်ပေမဲ့ အဲ့လူတွေက တကယ်တုံးလွန်းတယ်။ ကျွန်မ အဲဒါကို ဒီတိုင်းရပ်ကြည့် မနေနိုင်ဘူး။”
ကျန်းယွမ်က ပြုံးလိုက်တယ်။ အိမ်တော်က လူတိုင်းက ငါးယောက်မြောက်ကိုယ်လုပ်တော်နဲ့ ဒုတိယကိုယ်လုပ်တော်တို့ကို မျက်နှာလိုမျက်နှာရလုပ်တဲ့ အကြောင်းအရင်းက အကြီးဆုံးသမီးက တကယ်တော့ အရမ်းမရိုးရှင်းလို့ပဲ။ ကျန်းချွန်က သူမကို အထင်သေးတဲ့ ပုံစံနဲ့ ဆက်ဆံနေတာကြောင့် သူမကို သဘောမကျဘူးဆိုတာကို အစေခံတွေက ထင်ထင်ရှားရှား ပြောနိုင်တယ်။ အဖေတစ်ယောက်ရဲ့ ပုတ်ခတ်ဝေဖန်မှုကို ခံရတဲ့ သမီးတစ်ယောက်အနေနဲ့ သူမ ဘယ်လိုအနာဂတ်မျိုးကို ရမှာလဲ။
လုကျူးက သူမရဲ့ ဆံပင်ကို ဖီးပေးပြီးတော့ နောက်ဆုံး ဆံညှပ်ကို ထိုးပြီးပြီဆိုတော့ ကျန်းယွမ်က ထလိုက်တယ်။
“သွားရအောင် အမေ့ဆီ သွားလည်ဖို့ အချိန်ကျပြီ။”
* * *
ရှယန်က ကျန်းယွမ်ကို ရှုံးသွားတယ်ဆိုတဲ့ သတင်းက ပြန့်သွားတော့ ‘အပြစ်ကင်းစင်တဲ့’ ကျန်းတန်ကလည်း ဒါကို သိမှာပဲ။
အစေခံတစ်ယောက်က ပြောလိုက်တယ်။
“သခင်မ ဒီလိုမျိုး အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။”
ကျန်းတန်က မေးကို ထောက်လိုက်ပြီးတော့ ပြတင်းပေါက် အပြင်ကို ငေးကြည့်နေတယ်။ လွန်ခဲ့တဲ့သုံးနှစ်က သူမရဲ့ မရင့်ကျက်သေးတဲ့ပုံနဲ့စာရင် သူမက အခု မိန်းမပျိုလေးတစ်ယောက်ရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှု အရိပ်အယောင်တွေ ပြနေတယ်။ တစ်ချက်ကြည့်ရုံနဲ့ သူမက ဆွဲဆောင်မှုရှိတဲ့ ကျန်းယွမ်နဲ့ ကျန်းစုစုရဲ့ ကြော့ရှင်းတဲ့ အလှနဲ့ ကွဲပြားပြီးတော့ သူမက ပိုညင်သာပြီးတော့ ပိုပြီးဣန္ဒြေရတယ်။ သူမရဲ့ လက်ရှိမျက်နှာထားက နည်းနည်းမှုန်မှိုင်းနေပြီးတော့ သူမရဲ့ ပုံမှန် ရှက်ရွံ့တဲ့ပုံနဲ့ မတူဘူး။
“ကျန်းယွမ်ကို ချောက်ချချင်ပေမဲ့ အရမ်းတုံးလွန်းတယ်။”
သူမက အပြစ်ပြောလိုက်တယ်။
အစေခံက ချက်ချင်းပဲ တိတ်ဆိတ်သွားတယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ သူမရဲ့ သခင်မလေးက တစ်ညတည်းနဲ့ ဆယ်နှစ်လောက် ကြီးလာသလိုပဲ စိတ်ဆိုးလွယ်ပြီးတော့ ခန့်မှန်းလို့မရနိုင် ဖြစ်သွားတယ်။ တစ်ခါတစ်လေ သူမရဲ့ အရင်းနှီးဆုံးအစေခံတွေတောင် သူမရဲ့ မျက်ဝန်းထဲကို ကြည့်မိရင် ကြက်သီးထသွားစေတယ်။
“ဒီကိစ္စက ကျန်းသခင်မကိုပဲ ဆွဲချသွားတာ ဆိုးလိုက်တာ။”
ကျန်းတန်ရဲ့ လေသံက အေးစက်နေတယ်။
“ဘာလို့ အဲဒါက ကျန်းယွမ်ကိုလည်း မပတ်သက်တာလဲ။ တကယ်လို့ သူမပါ သေသွားရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။”
အစေခံက လန့်သွားပြီး အမြန်ပဲ သူမရဲ့ ခြေချောင်းတွေကို ကြည့်လိုက်တယ်။ သူမက အခန်းထဲကနေ အရမ်းပျောက်ကွယ်သွားချင်နေတယ်။
ကျန်းတန်က သူမရဲ့ လှုပ်ရှားမှုကို တွေ့သွားတယ်။ သူမရဲ့ နှုတ်ခမ်းတွေက ကော့တတ်သွားပြီး သူမက အပြင်က ငှက်ပျောပင်ကို ကြည့်လိုက်တယ်။
* * *
“သခင်မလေး ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး။”
ကျင်းထန်က ဂရုတစိုက်နဲ့ လက်ရှိမှာ ပါးစပ်ထဲကို လက်ညှိုးထိုးပြီး အန်နေတဲ့ ကျန်းစုစု ကျောကို ပုတ်လိုက်တယ်.
ရှယန်ရဲ့ ကိစ္စဖြစ်တဲ့ နေ့ကတည်းက ကျန်းစုစုက သူမစားထားသမျှကို အန်ခဲ့တယ်။ တကယ်လို့ သူမက ဒီဖြစ်ရပ်ကို မသိခဲ့ရင် အစေခံက ကိုယ်ဝန်ရတဲ့သူက ကျန်းစုစုလို့တောင် ထင်ခဲ့မှာဖြစ်တယ်။
ကျန်းစုစုက ကျင်းထန်ကို တွန်းလိုက်ပြီးတော့ သူမရဲ့ ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ အုပ်လိုက်တယ်။
“ထွက်သွား။”
ကျင်းထန်က ငွေပန်းကန်နဲ့ ပြန်ထွက်သွားတယ်။ ကျန်းစုစုက ထိုင်ခုံကို မှီထိုင်နေတယ်။ သူမရဲ့ ဗိုက်ထဲမှာ မုန်တိုင်းဖြစ်နေသလို ခံစားနေရတယ်။ သူမက အဲ့နေ့က ကျန်းယွမ်ပြောခဲ့တဲ့ စကားတွေဆီကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။
“အဲ့သန္ဓေသားက တကယ်ပဲ အမေကိုယ်တိုင် စွန့်ပစ်ခဲ့တာနဲ့ အတူတူပဲ။”
ကျန်းယွမ်စကားတွေရဲ့ အဓိပ္ပာယ်တွေက ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာကို သိတော့မှ ကျန်းစုစုက သူမရဲ့ ဗိုက်ကို ခြစ်ထုတ်လို့ မရတာကို မုန်းခဲ့တယ်။ သူမ စားခဲ့တာက ဘာလဲဆိုတာကို သူမ ပြန်မှိတ်မိလိုက်တိုင်း… သူမက မရပ်မနားနဲ့ အန်တော့တယ်။
အဲ့ခွေးမ ဟူတျဲက ဒီလိုမျိုး သန္ဓေသားကို ယူလာရဲတယ်ဆိုတော့ ကျန်းစုစုက သူမကို အိမ်တော်ကနေ နှင်မထုတ်ခင် အကြိမ်ရေများစွာ နှိပ်စက်ခဲ့တယ်။ သူမကို ဒီလိုမျိုးလုပ်တဲ့ ဘယ်သူ့ကိုမဆို ဒီတိုင်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျန်းစုစုက ညတိုင်း စိုးရိမ်စွာနဲ့ ချွေးတွေထွက်ပြီး ကြောက်လန့်တကြား အော်ပြီးနိုးလာတယ်။ သူမက မှန်ထဲကို ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့ အရင်က လှပတဲ့မျက်နှာက အရမ်းကြမ်းတမ်းလာတယ်။
“ခွေးမ”
သူမက မျက်မှောင်ကြုတ်လိုက်ပြီးတော့ မှန်ကို လွှင့်ပစ်လိုက်တယ်။
* * *
ကျန်းအိမ်တော်က ဘုရားခန်းမ အသစ်တစ်ခု ဆောက်ရမှာ ဖြစ်ပေမဲ့ တကယ်တော့ အဲဒါက ယိုယွင်းနေတဲ့ အနက်ရောင် တင်းကုပ်ဟောင်းတစ်ခုပဲ။ အိမ်တော်ရဲ့ အစွန်းဆုံးမှာ ရှိပြီးတော့ အဲ့ခြံက အပျက်အဆီးတွေနဲ့ ဖုံးနေပြီးတော့ ခြောက်ကပ်နေတဲ့ ရေတွင်းဟောင်းတစ်ခုနဲ့ သေနေတဲ့ သစ်ပင်အနည်းငယ်ပဲ ရှိတယ်။ အဲ့ခြံကို ကြည့်ရတာ အရမ်းမှုန်မှိုင်းနေပြီးတော့ နေရောင်နဲ့တောင် မထိတွေ့ရတဲ့ပုံပဲ။
အစေခံအိုနှစ်ယောက်က တံခါးရှေ့မှာ စောင့်နေကြတယ်။ သူတို့က စကားပြောရင်းနဲ့ ဖရုံစေ့နွှာစားနေကြတယ်။ သူတို့က ဘုရားခန်းထဲက လူအကြောင်းကို ပြောနေကြတာ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ မကြာခဏ အနောက်ကို အထင်သေးတဲ့ အကြည့်နဲ့ လှည့်ကြည့်နေကြတာဖြစ်လို့ဖြစ်တယ်။
ကျန်းယွမ်က ထျန်ကျူးနဲ့ ပိုင်ကျီတို့နဲ့ ရောက်လာတာကို မြင်တော့ အစေခံနှစ်ယောက်က အမြန်မတ်တပ်ရပ် လိုက်ကြပြီးတော့ အရိုအသေပေးလိုက်ကြတယ်။ သူတို့က အမြန်ပြုမူလိုက်ကြတာဖြစ်လို့ ဖရုံစေ့တွေကိုတောင် ရှင်းဖို့ ဂရုမစိုက်နိုင်ခဲ့ကြဘူး။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က အစေခံတွေကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တယ်။ ရှယန်က အခွင့်အရေးကို အရယူခဲ့ပေမဲ့ သူမက သာမာန်သိုသိုသိပ်သိပ်နေတဲ့ အကြီးဆုံးသမီးက အနိုင်ယူတာ ခံလိုက်ရတယ်။ သူတို့က ကန်းနေတာ မဟုတ်ဘူး။ အထူးသဖြင့် သူတို့ရဲ့ သခင်တွေ အပေါ်မှာပေါ့။ အကြီးဆုံးသခင်မလေးရဲ့ အဆင့်က သခင်မရဲ့ အဆင့်ထက် လုံးဝ သာလွန်နေတယ်ဆိုတာ သိသာတယ်။ မယ်တော်ယိတျယ်ရဲ့  အရမ်းချစ်တာ ခံရတဲ့ ကျန်းယွမ်အတွက်တော့ အစေခံတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ဆိုတာ အလွယ်လေးဖြစ်တယ်။ ဒီနည်းနဲ့ အကုန်လုံးက ကျန်းချွမ်က သူ့ရဲ့ ဒီသမီးကို မချစ်ဘူးဆိုတာကို သိရင်တောင် သူတို့က သူမကို ပေါ့ပေါ့ဆဆနဲ့ မမြင်ရဲဘဲ သူမအပေါ်ကို ဂရုတစိုက်နဲ့ ရိုရိုသေသေ ဆက်ဆံနေကြတယ်။
ကျန်းယွမ် ပြုံးပြလိုက်ပြီးတော့ လက်ယမ်းပြလိုက်တယ်။
“ကျွန်မ အမေ့ကို လာတွေ့တာပါ။”
ပိုင်ကျီက ရှေ့ကို လာပြီးတော့ ငွေပြားတွေထည့်ထားတဲ့ အိတ်နှစ်အိတ်ကို အစေခံအိုနှစ်ယောက်ရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။
အစေခံနှစ်ယောက်က တိတ်ဆိတ်စွာနဲ့ အိတ်ရဲ့ အလေးချိန်ကို ချိန်ကြည့်ပြီးတော့ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ အပြုံးတွေ ထွက်ပေါ်လာတယ်။
“အကြီးဆုံးသခင်မလေး ဒီလောက် ရိုသေစရာ မလိုပါဘူး။ တကယ်လို့ သခင်မလေး လာလည်ချင်ရင် မေးလိုက်ရုံပါပဲ။ ဒီအစေခံအိုကြီးက အကြီးဆုံးသခင်မလေးအတွက် တံခါးဖွင့်ပေးမှာပါ။”
အဲ့တော့မှ တံခါးကို သံတိုင်တွေနဲ့ ကာထားပြီး‌ အပြင်ဘက်မှာ သော့ခတ်ထားတာကို သူတို့ သတိပြုမိခဲ့တယ်။ အဲဒါက ရှယန်ကို တင်းတင်းကျပ်ကျပ် ပိတ်လှောင်ထားတာပဲ။
အစေခံနှစ်ယောက်က တံခါးပေါက်ကို ဖွင့်လိုက်ပြီး ကျန်းယွမ်နဲ့ ထျန်ကျူးတို့ ဝင်ဖို့ ဘေးကို ဖယ်နေကြတယ်။ ပိုင်ကျီကတော့ အပြင်မှာပဲ စောင့်နေတယ်။ အစေခံတွေက အထဲကလူတွေ ပြောတာ မကြားရလောက်တဲ့ နေရာနားမှာ သွားစောင့်နေကြတယ်။
အခန်းထဲမှာ မှောင်နေပြီးတော့ ပြတင်းပေါက်လေးတစ်ခုပဲ ရှိပြီးတော့ ရှိတဲ့ ပြတင်းပေါက်လေးကိုတောင် တင်းကျပ်စွာ ကာထားတယ်။ ဒီထဲမှာ ဘာပစ္စည်းမှလဲ သိပ်မရှိဘူး။
ရှယန်က ကျန်းယွမ်ရဲ့ အသံကို ပြတင်းပေါက်ကနေ ကြားနေရတာ ကြာပြီဖြစ်ပေမဲ့ သူမက သူမ မရှိသလိုမျိုး ခေါင်းမာမာနဲ့ ဟန်ဆောင်နေတယ်။ ထျန်ကျူးက မီးအိမ်တွေကို ထွန်းလိုက်တော့ အခန်းက လင်းထိန်လာတယ်။ အဲ့မှာ ညစ်ပတ်စိုစွတ်နေတဲ့ စောင်နဲ့ သစ်သားကုတင်၊ သစ်သားစားပွဲ၊ ကြိမ်ကူရှင်၊ လှူဖွယ်ပစ္စည်းတွေ တင်စရာတစ်ခုနဲ့ ရွှံ့နဲ့ လုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပဲ ရှိတယ်။ ရှယန်က ကြိမ်ကူရှင်ပေါ်မှာ မျက်စိမှိတ်ပြီး‌တော့ ဘုရားစာရွတ်နေသလိုမျိုး ဒူးထောက်နေတယ်။
ကျန်းယွမ်က သစ်သားစားပွဲရှေ့က ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီးတော့ ဘေးကို ကြည့်လိုက်တယ်။ ကျန်းချွမ်က ဒီတစ်ကြိမ်မှာ ရှယန်ကို တကယ်စိတ်တိုသွားတဲ့ပုံပဲ။ ဒီနေရာက သူမ ကျေးလက်က အိမ်တော်နဲ့ ဘာမှသိပ်မကွာဘူး။ ရှယန်က ကျန်းလန်ရဲ့ မိသားစုကို အရင်တုန်းက ကျန်းယွမ်ကို ‘ဂရုစိုက်ပေးဖို့’ ညွှန်ကြားခဲ့သလိုပဲ။ သူမက တစ်နေ့မှာ ဒီလိုမျိုး အကျပ်အတည်းထဲကို ကျရောက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
ရှယန်ရဲ့ ခြေထောက်တွေက ဒူးထောက်ရလွန်းလို့ ထုံနေပြီဖြစ်ပြီးတော့ သူမရဲ့ ဒူးတွေက နာပြီးတော့ ယားနေတယ်။ အခန်းက စိုစွတ်ပြီးတော့ လေဝင်လေထွက်လည်း မကောင်းဘူး။ မိုးရွာရင် အေးစက်မှုက အလွယ်တကူနဲ့ အရိုးထဲထိ စိမ့်ဝင်သွားစေနိုင်ပြီးတော့ သူမက အဆစ်အမြစ်ရောင်နေတာ မကြာသေးဘူးဖြစ်တယ်။ ဒါပေမဲ့ ကျန်းချွမ်က သူမကို လာလည်တဲ့သူတွေကို သေဒဏ်ပေးဖို့ ပြောထားခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဧည့်သည်တစ်ယောက် ရောက်လာခဲ့ပေမဲ့ ရောက်လာတဲ့တစ်ယောက်ကလည်း သူမရင်ထဲက ဆူးဖြစ်တဲ့ ကျန်းယွမ်ဖြစ်နေတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now