Part 11

3.3K 336 0
                                    

အခန်း-၁၁
မနက်စောစောမှာ အိမ်ထဲက လေက အတော်လေး လန်းဆန်းစေတယ်။ မီးခိုးရောင် စာကလေးတွေက သစ်ကိုင်းတွေပေါ်မှာ နားနေပြီး အစာစားနေကြတယ်။ မနေ့ညက နှင်းတွေ ကျနေခဲ့သလိုမျိုးပဲ နေရောင်က တောက်ပလာပြီး နှင်းတွေက မြက်ပင်တွေနဲ့ သစ်ကိုင်းတွေပေါ်မှာ အရည်ပျော်နေတယ်။
ကျန်းယွမ် မနက်စောစော နိုးလာခဲ့တယ်။ သူမ မနက်စာ စားပြီးတော့ သစ်တော်ဥယျာဉ်ထဲမှာ လန်ချောင်နဲ့အတူ အေးအေးလူလူ လမ်းလျှောက်နေတယ်။ အခုအချိန်က သစ်တော်ပန်းပွင့်ချိန် မဟုတ်သေးလို့ အရွက်တွေက သစ်ကိုင်းတွေကနေ ထွက်လာတုန်းပဲ ရှိသေးတယ်။ လန်ချောင်က စိတ်မကောင်း ဖြစ်သွားတယ်။
“အခုက သစ်တော်ပန်းပွင့်ချိန် မဟုတ်သေးဘူး။ ရာသီဥတုက ပိုနွေးလာတဲ့အချိန် သစ်တော်ပွင့်တွေ ပွင့်လာမှာပါ။ အဲဒါက တော်တော်လေး လှမှာ”
ကျန်းယွမ် ပြုံးလိုက်တယ်။ အပင်တွေအနေနဲ့ သူတို့က အလန်းဆန်းဆုံးနဲ့ အလှပဆုံးအရောင်တွေကိုသာ ယှဉ်ပြိုင်ကြပြီး အခြား ဘာကိုမှ မပြိုင်ကြဘူး။ သူမရဲ့ အတိတ်ဘဝတုန်းက သူမ နန်းတော်ထဲမှာ ဇီးပန်းပွင့်တွေ ပြည့်နေတဲ့ သစ်ပင်တွေကို မြင်ဖူးတယ်။ နွေဦးလေပြေရဲ့ တိုက်ခတ်မှုက အဲဒီရာချီတဲ့ ပန်းတွေကို လွင့်ထွက်သွားစေလိမ့််မယ်လို့ ဘယ်သူက ထင်မှာလဲ။ အဲမှာ ဇီးပန်းပွင့်တင်မကဘူး ပျိုနီပန်းပင်၊ ရေနှင်းပန်း၊ ကြာပန်းနဲ့ တရုတ်နှင်းဆီပန်းတွေလည်း ရှိတယ်။ ရှုခင်းကို လူတစ်ယောက်တည်းကပဲ ခံစားလို့ ရနိုင်တာကတော့ သနားဖို့ကောင်းလေရဲ့။ နောက်ပိုင်းမှာတော့ သူမနဲ့အတူတူ ခံစားပေးမဲ့သူ ရှိလာမယ်လို့ ထင်ခဲ့မိတယ်။ သူမ သေဆုံးခါနီးမှာတော့ အဲဒီအတွေးက ရေထဲကတံလျှပ်မျှင် တစ်ခုပဲ ဆိုတာကို သိလိုက်ရတယ်။
ပန်းလေးတွေက သူမရဲ့ကိုယ်ပိုင်ဘဝနဲ့ ဆင်တူပြီး တောက်ပကာ လှပပေမဲ့ ညှိုးနွမ်းသွားတဲ့အခါမှာ နားခိုးစရာ အိမ်တောင်မှ မရှိဘူး။ ညှိုးနွမ်းပြီး ရွံ့ထဲကို ပြုတ်ကျသွားတာနဲ့ ဖုန်မှုန့်မဖြစ်ခင် ပုပ်သိုးသွားလိမ့်မယ်။ မွှေးပျံ့တဲ့ ရနံ့မျိုး သင်းပျံ့နေပေမဲ့လည်း အဲဒါက ခါးသီးနေတုန်းပါပဲ။
လန်ချောင်က ကျန်းယွမ်ရဲ့အကြည့်မှ နက်နဲမှုကို ခံစားမိပေမဲ့ သူမ ဘာတွေ တွေးနေတယ်ဆိုတာတော့ မသိပေ။ ဒါပေမဲ့ ကျန်းယွမ်ရဲ့ လန်းဆန်းနေတဲ့မျက်နှာမှာ ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေကိုတော့ တွေ့နိုင်တယ်။ ခဏလောက် ကြောက်သွားပြီးမှ လန်ချောင်က မေးလိုက်တယ်။
“သခင်မလေး”
ကျန်းယွမ်က သတိပြန်ဝင်လာပြီး ခေါင်းယမ်းလိုက်တယ်။
“ဘာမှမဟုတ်ပါဘူး။ သွားကြရအောင်”
နှစ်ယောက်သား လမ်းလျှောက်နေတဲ့အချန် သူမတို့နောက်မှာ ရပ်နေတဲ့သူ ရှိနေတာကိုတော့ သတိမပြုမိခဲ့ကြဘူး။
အဲလူက ရွှေရောင်အင်္ကျီလက်နဲ့ အစိမ်းရောင်ပိုးထည်ကို ဝတ်ထားပြီး အစိမ်းရောင် အတွင်းဝတ်ရုံနဲ့ ရတနာရှစ်မျိုးစီခြယ်ထားတဲ့ ပုလဲလုံးတွေ စီထားတဲ့ အစိမ်းရောင်ဖိနပ်ကို ဝတ်ထားတယ်။ အလွန်အကျွံ ဝတ်စားဆင်ယင်ထားတဲ့သူရဲ့ မနှစ်မြို့ဖွယ်အကြည့်က ကျန်းယွမ်ရဲ့ ပုံရိပ်ကို ကြည့်နေတယ်။
အဲဒါက ကျန်းလန်မိသားစုရဲ့ အငယ်ကောင် ချန်ကျောက်ပဲ။
ပုံမှန်ဆိုရင် ချန်ကျောက်က သစ်တော်ပင်တွေ အောက်မှာ အိပ်ရတာကို သဘောကျတယ်။ ဒီနေ့တော့ ခြွင်းလျက်ပေါ့။ သူက အမျိုးသမီးတစ်ယောက်အသံကို ကြားလိုက်တာနဲ့ ငါးနံ့ရတဲ့ ကြောင်တစ်ကောင်လိုပဲ။ အသံလာရာကို ချက်ချင်းစပ်စုလိုက်တယ်။ မထင်မှတ်ဘဲ သူက ဝင်သွားခဲ့တယ်။
ကျန်းယွမ်က အရင်နေ့က အတိုင်း ဝတ်ထားတယ်။ မတူတာက ပိုင်ကျီက သူမကို ပေါက်စီဆံပင်ပုံစံ လုပ်မပေးထားတာ တစ်ခုပဲ။ သူမက ကျန်းယွမ်ရဲ့ အရှေ့ဆံပင်ကို ကြာပန်းပုံ ပြင်ပေးထားတယ်။ ကျန်တဲ့ သူမရဲ့ ဆံနွယ်တွေက ပခုံးပေါ်မှာ ကျနေတယ်။ အဲဒါက သူမကို ပိုရင့်ကျက်ပြီး ကျက်သရေရှိတဲ့ပုံ ပေါ်စေတယ်။
ဉယျာဉ်ထဲမှာ ရှိတဲ့ သစ်တော်သီးပွင့်တွေက မပွင့်သေးပေမဲ့ အကိုင်းအခတ်တွေရဲ့ ထိပ်ဖျားမှာ ပန်းပွင့်တွေ ပွင့်သွားသလို နှင်းအလွှာတွေ ထူထပ်နေတယ်။ ကျန်းယွမ်ရဲ့ အသားအရေက အဖြူရောင်နှင်းတွေထက် ပိုဖြုဖျော့နေပြီး သူမရဲ့မျက်နှာက သစ်တော်သီးပွင့်တွေ ထက်တောင် တောက်ပနေတယ်။ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်တဲ့ဟန်ပန်နဲ့ သူမမျက်လုံးတွေက နှလုံးသားကို ညင်သာစွာ စီးဆင်းနေတဲ့ အေးစက်စိုစွတ်တဲ့ စမ်းရေလိုမျိုး မသိလိုက်ဖာသာနဲ့ သစ်ကိုင်းတွေကို မော့ကြည့်နေတယ်။ သူ့နှလုံသားမှာ ဖော်ပြလို့ မရနိုင်တဲ့ ကုပ်ခြစ်ခံရသလိုမျိုး ခံစားလိုက်ရတယ်။ အဝေးမှာ ပြောနေတဲ့ စကာကို သူ မကြားရပေမဲ့ လှုပ်ရှားမှုအသံကိုတော့ ပြတ်ပြတ်သားသား စိတ်ကူးကြည့်နိုင်တယ်။ သူမက ခေါင်းကိုမော့ပြီး ကျော့ရှင်းတဲ့ ငန်းတစ်ကောင်လိုမျိုး သစ်ကိုင်းကနေ တွဲလောင်းကျနေတဲ့ ရေခဲတုံးလေးတွေကို ကြည့်နေတယ်။
ချန်ကျောက်က အဝေးက ကျန်းယွမ်ရဲ့ ခန္ဓာကိုယ်ပိန်ပိန်လေးကို ကြည့်လိုက်ပြီး တံထွေးမျိုချလိုက်တယ်။ သူမရဲ့ အပေါ်ဝတ်ရုံက သူမရဲ့ခါးကျဉ်ကျဉ်လေးကို ဖုံးကွယ်ထားတယ်။ သူမက ငယ်ရွယ်ပြီး မိန်းမငယ်လေး ဆိုပေမဲ့ အကြည့်တစ်ချက်ကနေ သူမဆီမှ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုမျိုးနဲ့ ကလေးမငယ်တစ်ယောက်ရဲ့ သိမ်မွေ့မှုမျိုးကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားတယ်။ သူက သူမရဲ့ တည်ရှိမှုကို ယခင်က သတိမထားမိသော်လည်း ဖျားနာပြီးနောက်မှာ သူမက ပိုပိုလှလာတယ်။ သူမက အမှန်တကယ်ကို သဘာဝမှ မွေးဖွားလာသူ ဖြစ်မယ်။
တကယ်လို့ သူက ဒီလို အရမ်းလှတဲ့ အမျိုးသမီးကို သူမနဲ့ ညတိုင်းရှိနေရမယ်ဆိုရင် အဲဒါက ကမ္ဘာပေါ်မှာ အရမ်းပျော်စရာကောင်းတဲ့ ကိစ္စဖြစ်နေမှာပဲ။ သူက နေရာမှာပဲ ရပ်နေပြီးတော့ မကောင်းတဲ့အတွေးမှာပဲ နစ်မျောနေတယ်။
သိပ်မဝေးတဲ့ အကွာအဝေးမှာ ချန်ကျောက် ရှိနေတာကို လန်ချောင်က တွေ့သွားပြီးတော့ ပြောလိုက်တယ်။
“သခင်မလေး စောစောပြန်ကြရအောင်။ ဒီဥယျာဉ်ထဲမှာ မကောင်းတဲ့ အကောင်တစ်ကောင် ရှိတယ်။ ပြဿနာထဲ ဝင်မပါမိအောင် သတိထားရမယ်”
ကျန်းယွမ်က သူမနဲ့အတူ လှမ်းကြည့်လိုက်တယ်။ သူမရဲ့ နှုတ်ခမ်းက အနည်းငယ်တွန့်ကွေးသွားပြီးနောက် ပြောလိုက်တယ်။
“ကောင်းပြီ”
ချန်ကျောက်က မိန်းမလှလေး တစ်ယောက်ဆီကနေ အပြုံးကို ရလိုက်တဲ့အခါမှာ သူက ကျန်းယွမ်ကို ကြက်သေသေပြီး ကြည့်လိုက်တယ်။ အဲအပြုံးက ဖော်မပြနိုင်လောက်အောင် အဓိပ္ပာယ်ရှိတဲ့ ခံစားချက်တစ်ခု ပါနေတယ်။ အဲဒီအပြုံးမှာ ကလေးမတစ်ယောက်မှာ ရှိသင့်တဲ့ နုံအတာ ဒါမှမဟုတ် ရှက်ကိုးရှက်ကန်းဖြစ်တာ မဟုတ်ပေမဲ့ ပေါ့ပါးတဲ့ ဆွဲဆောင်မှုတစ်မျိုး ဖြစ်တယ်။ အဲဒါက ညမှာ တစ်ခဏသာ ဖူးပွင့်ပြီး ရနံ့သင်းတဲ့ ကုမုဒြာကြာပန်းလိုမျိုးပဲ။
သူကိုယ်တိုင် ဖြစ်စေကာမူ ချန်ကျောက်က အရူးတစ်ယောက်လို ဖြစ်သွားတယ်။ ကျန်းယွမ်နဲ့လန်ချောင် သစ်တော်သီး ဥယျာဉ်ကနေ ထွက်မသွားသေးခင်အထိ သူက အသက်ရှူမှားလောက်တဲ့ အပြုံးကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။
ဒီကိစ္စက ကျန်းယွမ်နဲ့ လန်ချောင်တို့ရဲ့ စိတ်ထဲကနေ မြန်မြန် လျစ်လျူရှူခြင်း ခံလိုက်ရတယ်။ သုံးရက်က အေးအေးဆေးဆေး ကုန်ဆုံးသွားတယ်။ သုံးရက်ပြီးတော့ ကျန်းယွမ်က အိမ်ထဲမှာ နေ့တိုင်း လမ်းလျှောက်နေခဲ့တယ်။ သူမက ချန်ကျောက်နဲ့ တစ်ခါတစ်လေ တိုးမိပေမဲ့ သူမထင်ထားတာထက် ပိုပြီးတော့ သူ့အပြုအမူတွေက ကောင်းမွန်နေခဲ့တယ်။ သူက သူမတို့အနားမှာ ရွံစရာယင်ကောင်လိုမျိုး ရစ်ဝဲနေပေမဲ့ ဘာမှမလုပ်သေးဘူး။ အဲဒါကြောင့် လျန်ချောင်က ပိုပြီးတော့ စိတ်ချလာတယ်။ ဒါပေမဲ့ စိတ်ပူစရာကောင်းတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ သူတို့တွေ ပန်းထိုးထားတဲ့ လက်ကိုင်ပဝါတွေကို အပ်ရတော့မဲ့နေ့က နီးကပ်လာပြီ။ ဒါပေမဲ့ ကျန်းယွမ်က တစ်ခုလေးတောင် မလုပ်ရသေးဘူး။
ကျန်းယွမ် ရေထဲကို ကျပြီးတော့ ကျန်းလန်က  ပန်းထိုးထားတဲ့ လက်ကိုင်ပဝါတွေ အကြောင်း မပြောသေးလို့ သူတို့က မလုပ်ရသေးခင် အချိန်ဆွဲထားမယ်လို့ တွေးနေကြတယ်။ ဒါပေမဲ့ အရင် ရက်နည်းနည်းတုန်းက ချန်ဖန်းက ဒါကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့လို့ လန်ချောင်နဲ့ ပိုင်ကျီ နှစ်ယောက်လုံးကို စိတ်ဖိစီးစေခဲ့တယ်။
အခု ကျန်းယွမ်က ကောင်းကောင်း နေပြန်မကောင်းသေးလို့ သူတို့နှစ်ယောက်က သူမကို အလုပ်လုပ်ခိုင်းမှာ မဟုတ်သေးဘူး။ သူတို့က ကျန်းယွမ်က ပန်းထိုးရမှာကို ငြင်းနေတာကို လျစ်လျူရှုပေးနိုင်ပေမဲ့ သူမက သူတို့နှစ်ယောက်ကိုလည်း ပန်းမထိုးခိုင်းပေ။
“သခင်မလေး”
လန်ချောင် ပြတင်းပေါက်နားမှာ စာအုပ်ဖတ်နေတဲ့ ကျန်းယွမ်ကို ကြည့်လိုက်ပြီး။
“ကျွန်မတို့ ပန်းထိုးထားတဲ့ လက်ကိုင်ပဝါတွေ မကြာခင် အပ်ရတော့မယ်။ သခင်မလေး ဘယ်လိုလုပ် စိတ်အေးနေရတာလဲ”
“မင်း စိတ်ပူဖို့ မလိုပါဘူး”
ကျန်းယွမ်က စာရွက်ကို လှန်လိုက်တယ်။
“ကျွန်မ ဘယ်လိုလုပ် စိတ်မပူပဲ နေရမှာလဲ”
လန်ချောင်က စိတ်ပူပန်တဲ့ မျက်နှာထားနဲ့ ပြန်ပြောတယ်။
“တကယ်လို့ ကျွန်မတို့ သူတို့ကို ပန်းထိုးထားတဲ့ လက်ကိုင်ပဝါတွေ မပေးရင် သူတို့က သခင်မလေးရဲ့ ထောက်ပံ့ကြေးကို ရပ်ဆိုင်းဖို့ အကြောင်းပြချက် ရသွားလိမ့်မယ်”
ကျန်းယွမ်က သက်ပြင်းချပြီး စာအုပ်ကို ပိတ်လိုက်တယ်။ သူမ ကျေးလက်အိမ်ကို လာတုန်းက သေတ္တာသုံးလုံးကို သယ်လာခဲ့တယ်။ တစ်ခုက အဝတ်တွေ၊ နောက်တစ်ခုက ပိုက်ဆံတွေနဲ့ အသုံးအဆောင်တွေ၊ ပြီးတော့ နောက်ဆုံးတစ်ခုက စာအုပ်တွေပါတယ်။ အဲဒါတွေ အကုန်လုံးက ကွယ်လွန်သွားတဲ့ သူမအမေက သူမကို သီးသန့်ချန်ထားပေးခဲ့တာတွေ ဖြစ်တယ်။ အစမှာတော့ သူမက အဲဒါတွေကို သူမရဲ့အမေကို သတိရလို့ ယူခဲ့ပေမဲ့ သူမက ဝံပုလွေခြံထဲကို ဝင်သွားသလိုမျိုးပဲ။ ကျန်းလန်မိသားစုက လောဘကြီးပြီးတော့ သူမအပေါ်ကို မကြင်နာဘူး။သူမပိုင်တဲ့ အရာတွေကို သူတို့ပိုင်သလိုမျိုး အမှောင်ထဲကနေ ခိုးယူသွားကြတယ်။ အဆုံးမှာတော့ သူတို့ ယူမသွားတဲ့ တစ်ခုတည်းသော အရာက ဒီစာအုပ်တွေပဲ။
“သူတို့ ငါတို့ကို ထောက်ပံ့ကြေးပေးတဲ့ရက် မရောက်ခင် ငါတို့ စံအိမ်ကို ပြန်ရောက်နေလောက်ပြီ”
ကျန်းယွမ်က စာအုပ်အဖုံးပေါ်က ခေါင်းစဉ်ကို ထိတွေ့လိုက်ပြီး၊
“မပူပါနဲ့”
လန်ချောင်က မျက်ခုံးတွေကို တွန့်လိုက်ပြီး ဒီထက်ပိုပြီး ပြောချင်နေတယ်။ ပိုင်ကျီက တံခါးကို တွန်းဖွင့်လိုက်ပြီး ဝင်လာတယ်။
“သခင်မလေး။ မိန်းကလေးဖန်း ဒီကို ရောက်နေပါတယ်”
လန်ချောင်က အံ့အားသင့်သွားတယ်။ ပန်းရောင်ပုံရိပ်က ပိုင်ကျီနောက်ကနေ ပေါ်လာတယ်။ ချန်ဖန်းက ပြုံးလိုက်တယ်။
“သခင်မလေး..”
ဒီနေ့ သူမ လိပ်ပြာပုံ ပန်းထိုးထားတဲ့ အပန်းရောင် အင်္ကျီကို ဝတ်ထားတယ်။ သူမရဲ့ အောက်ပိုင်းကိုလည်း အရောင်တူဂါဝန်နဲ့ အနီရောင်ဖိနပ် ဝတ်ထားတယ်။ သူမရဲ့ဆံပင်ကို နူးညံ့တဲ့တိမ်တိုက်ပုံစံ ပုံဖော်ထားတယ်။ သူ့နားမှာ ရွှေထွင်းထားတဲ့ ပန်းနားကပ်တစ်ရံ ရှိပြီး ရွှေဆံညှပ်က သူမဆံပင်ကို တန်ဆာဆင်ထားတယ်။
လန်ချောင်က အေးစက်စွာ ရယ်လိုက်ပြီး ချန်ဖန်းကို အထင်သေးတဲ့ပုံနဲ့ အကဲခတ်လိုက်တယ်။ ခေါင်းကနေ ခြေဖျားထိ အရာအားလုံးက ကျန်းယွမ် ပိုင်တာတွေပဲ။ သူမ ဒီပစ္စည်းတွေကို ပိုင်ရှင်ရှေ့မှာ ဝတ်လာရဲတာ သူမမှာ အရှက်လုံးဝမရှိလို့ပဲ ဖြစ်ရမယ်။ သူမက ဓားပြဆိုတဲ့ဘွဲ့နဲ့ တကယ်လိုက်တာပဲ။
ကျန်းယွမ်က မေးကို လက်နဲ့ ထောက်လိုက်ပြီးတော့ စိတ်မပါလက်မပါ ပြုံးလိုက်တယ်။ လူလိမ်တွေက သူတို့ အထက်ကလူတွေက သူတို့ကို အားပေးနေတော့ ပိုပြီးတော့ မိုက်မဲလာတယ်။ ဒါပေမဲ့ သူမက ဒီကို အကြွေးလာသိမ်းတာ ဆိုတော့ အဲဒါက အရေးမပါဘူး။ သူမက သူမရဲ့ပစ္စည်းတွေကို သူတို့ရဲ့ပစ္စည်းတွေပါလို့ အခိုင်အမာ ပြောထားတဲ့သူတွေဆီကနေ အရာရာတိုင်းကို ပြန်ပေးအောင် ဖိအားပေးမှာ ဖြစ်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now