Arc 17.17

1.8K 286 0
                                    

Unicode

ချင်းဟန်က ပေါက်ကွဲသွားတဲ့နေရာကို အမြန်ဆုံးပြေးသွားလိုက်တယ်။

ယခင်အဆောက်အအုံနေရာမှာ ကြီးမားနက်ရှိုင်းပြီးလျှပ်စီးကြောင်းတွေယှက်ဖျာနေသည့် မြေကျင်းကြီးတစ်ခုကိုသာ တွေ့လိုက်ရတယ်။ အနီးပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်ပေမယ့် နှင်းလုံးလေးလိုအဖြူရောင်ပုံရိပ်လေးကို မတွေ့ရတော့ဘူး။ ချင်းဟန်လည်း ထိတ်လန့်သွားခဲ့ပြီး မြေကျင်းရှိရာသို့ အသိစိတ်လွတ်နေသူလို လျှောက်သွားလိုက်တယ်။

‘အခုလေးတင် သူမကို ဒီနေရာမှာထားခဲ့မိတယ်..’

ရှီရှန်းက မီးကျွမ်းသွားတဲ့အမွှေးတွေကိုခါထုတ်လိုက်ပြီး ချင်းဟန်ရဲ့လက်မောင်းကြားကို ပြေးဝင်လိုက်တယ်။

ရုတ်တရက်ပြေးဝင်လာတဲ့ပုံရိပ်တစ်ခုကြောင့် ချင်းဟန်ရဲ့တစ်ကိုယ်လုံး တောင့်တင်းသွားရတယ်။ အသာငုံ့ကြည့်လိုက်တော့ ညစ်ပေနေတဲ့မြေခွေးလေး။ ဒါပေမဲ့ ရှီရှန်းက စိတ်တိုနေတာဆိုတော့ လက်သည်းထုတ်လိုက်ပြီး ချင်းဟန်ကိုကုတ်လိုက်တယ်။

‘အကုန်လုံး ဒီအရူးကြောင့်ပဲ..’
သူမအရမ်းစိတ်ဆိုးတယ်။ အခန်းကိုဖောက်ခွဲရင်း ကိုယ့်ကိုယ်ကိုပြန်ထိရတယ်လို့..

ချင်းဟန်က ရှီရှန်းရဲ့လုပ်ရပ်ကို စိတ်မဆိုးဘူး။ လက်ဆန့်ပြီး သူမရဲ့ခန္ဓာကိုယ်ကို ထိကြည့်လိုက်တယ်။ အပူချိန်ကိုခံစားမိတော့မှ စိတ်သက်သာရသွားခဲ့တယ်။

“အစ်ကိုချင်းဟန်..”
ဂိုဏ်းချုပ်က ချင်းဟန်ကို ကြောင်ကြည့်နေတော့တယ်။

‘အခုလေးတင် သူ့ရဲ့မျက်နှာပေါ်မှာ ခံစားချက်အစုံအလင်ဖြတ်ပြေးသွားတာလား..? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..? ထင်ယောင်ထင်မှားဖြစ်နေတာ.. ဟုတ်တယ် ထင်ယောင်ထင်မှားဖြစ်နေတာ..’

“မင်းအရင်ပြန်သွားတော့..”
ချင်းဟန်က ရှီရှန်းကို ဂိုဏ်းချုပ်မမြင်အောင်ကွယ်လိုက်ပြီး အေးစက်စက်ပြောလိုက်တယ်။

“အစ်ကိုချင်းဟန်.. ဒါက..”

ဂိုဏ်းချုပ်က မြေကျင်းကြီးကိုလှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်။ ဒါပေမဲ့ ချင်းဟန်က အမူအရာကင်းမဲ့နေတဲ့မျက်နှာနဲ့ စိုက်ကြည့်လာတာကြောင့် ခေါင်းငုံ့လိုက်ပြီး..
“ဟုတ်ကဲ့ပါ..”

‘ဒီကျင်းကြီးကို အရမ်းရင်းနှီးနေသလိုပဲ.. ဒါပေမဲ့ မမှတ်မိဘူးဖြစ်နေတယ်..’

……………………

“မင်းဒဏ်ရာရသွားသေးလား..?”
ချင်းဟန်က ရှီရှန်းကိုပွတ်သပ်ပေးရင်း မေးလိုက်တယ်။

ရှီရှန်းက အမွှေးတွေကိုခါထုတ်လိုက်ပြီး…
“ဟင့်အင်း..”

ချင်းဟန်က တည်ကြည်သည့်မျက်နှာဖြင့်..
“မင်းအဲ့တာကို ဘယ်လိုလုပ်ဖျက်ဆီးပစ်လိုက်တာလဲ..?”

‘ဒီမှာအပြင်လူမရှိဘူး။ အဖြစ်နိုင်ဆုံးက အဆောက်အအုံကို သူမကိုယ်တိုင်ဖျက်ဆီးပစ်လိုက်တာပဲ။ အထဲမှာဖောက်ခွဲရဲတယ်..? သူမ,ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ..? အန္တရာယ်ရှိတာကို မသိဘူးလား..?’

ရှီရှန်းက အလုံးလေးတစ်လုံးကိုထုတ်လိုက်ပြီး ချင်းဟန်လက်ထဲထည့်ပေးလိုက်တယ်။
“ဒီဟာ..”

ထိုအလုံးလေးရဲ့မျက်နှာပြင်က ချောမွေ့နေပြီး အတွင်းထဲမှာတော့ ခရမ်းရောင်လေထုနဲ့လျှပ်စီးကြောင်းအနည်းငယ်ရှိနေခဲ့တယ်။ ကြီးမားလွန်းတဲ့စွမ်းအင်တစ်ခုက ထိုအတွင်းပိုင်းကနေ ဖြာထွက်နေတာကြောင့် ချင်းဟန်မျက်မှောင်ကြုတ်လိုက်တယ်။

သူမမှာ ဘာလို့ဒီလိုထူးဆန်းတဲ့ပစ္စည်းတွေ ရှိနေရတာလဲ..?

“လျှောက်မသုံးနဲ့..”
ဘယ်လောက်အန္တရာယ်ရှိလိုက်တဲ့ပစ္စည်းလဲ..? သူမကိုထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ..?

“ကျွန်မကိုပိတ်လှောင်ထားဖို့ ရှင့်ကိုဘယ်သူပြောလို့လဲ..?”
ရှီရှန်းက အလုံးလေးကိုပြန်သိမ်းရင်း ပြောလိုက်ယ်။

‘မင်းကောင်းကျိုးအတွက် ငါလုပ်ခဲ့ရတာလေ.. ငါ့ကိုအပြစ်တင်နေပြန်တာလား..? ဒီအမျိုးသမီးကတော့ တကယ့်ကိုအကျိုးအကြောင်းမရှိဘူးပဲ…

“အခုအခန်းလည်းမရှိတော့ဘူး.. ကျွန်မရှင်နဲ့နေလို့ရပြီလား..?”

‘အဲ့တော့ ဒါက အခန်းကိုဖျက်ဆီးပစ်ခဲ့ရတဲ့တစ်ခုတည်းသောအကြောင်းအရင်းပေါ့လေ.. ဒီအမျိုးသမီးက တကယ့်ကိုမျက်နှာပြောင်တိုက်တာပဲ..’

အခန်းပျက်စီးသွားတာကြောင့် ရှီရှန်းမျှော်လင့်ထားသလို ချင်းဟန်ရဲ့အခန်းထဲမှာ အတူနေခွင့်ရလိုက်တယ်။ သူမက မျက်နှာပြောင်တိုက်ပြီး သူ့ရဲ့အိပ်ယာပေါ်ကိုတောင် တွယ်တက်လိုက်သေးတယ်။

“ဟမ်..? ဒီနေမှာ ချီစွမ်းအားဘာလို့များနေရတာလဲ..?”
ရှီရှန်းက ခုတင်ပေါ်မှာခုန်နေရင်း ချင်းဟန်ကိုလှည့်မေးလိုက်တယ်..

ချင်းဟန်က အသာအယာပြန်ဖြေလိုက်တယ်။
“ဒီအိပ်ရာကို ပူနွေးတဲ့ကျောက်စိမ်းနဲ့ပြုလုပ်ထားပြီး သူ့ရဲ့အောက်မှာ ချီစုစည်းခြင်းအစီအရင်တည်ထားတယ်..”

‘ချီစုစည်းခြင်းအစီအရင်း..? ဒီအစီအရင်က ချီစွမ်းအင်တွေကိုစုစည်းတဲ့နေရာမှာ အသုံးများတယ်လေ..’

ရှီရှန်းက အိပ်ရာပေါ်မှာလဲလျောင်းလိုက်တယ်။ ချီစွမ်းအင်တွေက သူမရဲ့ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်သွားနေတာကြောင့် နာကျင်မှုတွေလျော့ကျသွားခဲ့တယ်။

အသံတိတ်ဆိတ်သွားတာကြောင့် ချင်းဟန်က ဖတ်လက်စစာအုပ်ကိုချထားလိုက်ပြီး အိပ်ရာအနားကိုလျှောက်သွားလိုက်တယ်။ ရှီရှန်းက အိပ်ရာပေါ်မှာ အိပ်ပျော်နေချေပြီ။ သူမရဲ့မျက်နှာလေးကတော့ နူးညံ့တဲ့အမွှေးတွေကြားမှာ နစ်မြုပ်နေလေရဲ့။

ထိုနေ့မှစ၍ ရှီရှန်းက အိပ်ရာပေါ်မှာ ရက်အတော်ကြာအောင် လဲလျောင်းနေခဲ့သလို ချင်းဟန်ကလည်း ညတိုင်းထိုင်ကြည့်နေခဲ့တယ်။ ချီစွမ်းအားတွေက သူမရဲ့ခန္ဓာကိုယ်ထဲကိုဝင်လာပေမယ့် သာမာန်ထက်အရမ်းနှေးကွေးလွန်းနေတော့ လူသားအသွင်ကို ပြန်ပြောင်းလို့မရနိုင်ခဲ့ဘူး..

………………………………..

ဝမ်ရှန်းဂိုဏ်းရဲ့ပင်မခန်းမကြီးအလယ်..

ဝူဟန်က အံ့ဩတကြီးမော့ကြည့်ရင်း..
“ဂိုဏ်းချုပ်.. မှားမြင်ခဲ့တာမဟုတ်ဘူးဆိုတာ သေချာရဲ့လား..?”

ဂိုဏ်းချုပ်က တည်ကြည်စွာခေါင်းညိတ်ပြလိုက်ပြီး..
“ဟုတ်တယ်.. သူတို့အစီအရင်ခံတုန်းကအတိုင်းပဲ..”

မြေကျင်းကြီးကို အရမ်းရင်းနှီးနေပါတယ်မှတ်တာ။ အခန်းပြန်ရောက်မှ သတိရသွားခဲ့တယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက ဂိုဏ်းတပည့်တွေက ဒီလိုထူးဆန်းတဲ့မြေကျင်းကြီးအကြောင်း တင်ပြခဲ့ဖူးတယ်လေ…

“အရှင်သခင်ချင်းဟန်နဲ့မြေခွေးမိစ္ဆာ..?”

“အရှင်သခင်ချင်းဟန်ပြန်လာတုန်းက တစ်စုံတစ်ခုကိုသယ်လာခဲ့တယ်လေ.. မြေခွေးမိစ္ဆာများလား..? အဲ့မိစ္ဆာမက လူတွေအများကြီးကိုသတ်ခဲ့တာ.. ဒါက..”

လူအုပ်ကြီးက အကြီးအကျယ်စတင်ဆွေးနွေးကြတော့တယ်။ မြေခွေးမိစ္ဆာက ဝမ်ရှန်းဂိုဏ်းထဲမှာ ပုန်းအောင်းနေတယ်။ ပြီးတော့လည်း အဲ့မိစ္ဆာမကို အရှင်သခင်ချင်းဟန်က ခေါ်ဆောင်လာခဲ့တာ..

“ဂိုဏ်းချုပ်.. ကျွန်တော်တို့မှာ သက်သေမရှိဘူးလေ.. ဘယ်လိုသွားပြောကြမလဲ..?”

အရှင်သခင်ချင်းဟန်ကို တည့်တိုးသွားမေးဖို့ကျ မသင့်တော်ပြန်ဘူး။ ပြီးတော့ ဘယ်သူကလုပ်ရဲမှာလဲ..?

“သူပြန်ရောက်လာကတည်းက အဲ့နေရာကို သန့်ရှင်းရေးမလုပ်ပေးရသေးဘူးမလား..? ဂိုဏ်းသားတစ်ယောက်ကို သန့်ရှင်းရေးလုပ်ခိုင်းမယ်ဆိုပြီး ပို့လိုက်ရင်ရော..? တိတ်တဆိတ်စုံစမ်းလို့ရနိုင်တယ်..”
တစ်ယောက်က အကြံပေးလိုက်တယ်။

ဂိုဏ်းချုပ်လည်း တခနတွေးတောလိုက်ပြီး..
“ဒီတစ်နည်းပဲရှိတယ်..”

“ကောင်းပြီ.. ကျွန်တော်စီစဉ်လိုက်တော့မယ်..”

“ဂိုဏ်းချုပ်.. တကယ်လို့ အရှင်ချင်းဟန်က မြေခွေးမိစ္ဆာကိုခေါ်ဆောင်လာခဲ့တယ်ဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမှာလဲ..?”

ခန်းမတစ်ခုလုံးက ထိုမေးခွန်းကြောင့် တိတ်ဆိတ်သွားခဲ့တယ်။ တစ်ယောက်မှ ထိုမေးခွန်းကို မဖြေနိုင်ခဲ့ကြဘူး…

………

နောက်တစ်ရက်ရောက်တော့ ဂိုဏ်းတပည့်တစ်ယောက်ကို ‘သန့်ရှင်းရေးလုပ်ပေးရန်’ဆိုတဲ့အကြောင်းပြချက်ဖြင့် ချင်းဟန်ဆီကို ပို့လွှတ်လိုက်တော့တယ်။

ချင်းဟန်က မသိမသာစပ်စုနေတဲ့မိန်းကလေးကို ကြည့်လိုက်တယ်။

“ငါ့အခန်းထဲကို ခွင့်ပြုချက်မရှိပဲ ဝင်ခွင့်မရှိဘူး..”

မိန်းကလေးက ခေါင်းငုံ့ပြီး ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။
“ဟုတ်ကဲ့..”

ချင်းဟန်ထွက်သွားတော့မှ မိန်းကလေးရဲ့အမူအယာက သက်သောင့်သက်သာဖြစ်သွားတော့တယ်။

‘သူက ငါ့ကို အေးခဲစေတော့မလို့ပဲ.. ဒီလူရဲ့အရှိန်အဝါက တကယ့်ကိုပြင်းထန်လွန်းတယ်.. မျက်နှာတောင်မကြည့်လိုက်ရဘူး..’

မိန်းကလေးက ခေါင်းမော့လိုက်တယ်။ သူမရဲ့မျက်နှာက အရမ်းထူးဆန်းနေပေမယ့် မျက်ဝန်းတွေကရင်းနှီးနေတယ်။ တကယ်လို့ ရှီရှန်းသာရှိနေခဲ့ရင် သူမကိုချက်ချင်းမှတ်မိလိမ့်မယ်။

ထိုမိန်းကလေးကတော့ ဇာတ်လိုက်မယွီရှောင်ချီပါပဲ။

ယွီရှောင်ချီက မျက်နှာဖုံးလူရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် လွတ်မြောက်နိုင်မယ့်အခွင့်အရေးတစ်ခုကို စောင့်နေခဲ့တယ်။ နောက်ဆုံးတော့ လွတ်မြောက်အောင်ထွက်ပြေးနိုင်ခဲ့တယ်။ ထို့အပြင် မျက်နှာဖုံးလူဆီက ဆေးတစ်မျိုးကိုခိုးယူနိုင်ခဲ့ပြီး ထိုဆေးရဲ့အစွမ်းနဲ့ သူမရဲ့အသွင်အပြင်၊ မိစ္ဆာအငွေ့အသက်ကို ဖုံးကွယ်ထားနိုင်ခဲ့တယ်။

မျက်နှာဖုံးလူကိုရှောင်ရှားနိုင်ရန်အတွက် ယွီရှောင်ချီလည်းဆေးသောက်လိုက်ပြီး ဝမ်ရှန်းဂိုဏ်းသားတွေကြားမှာ ရောနှောနေထိုင်ခဲ့လိုက်တယ်။ ဒါပေမဲ့ ဝမ်ရှန်းဂိုဏ်းထဲအထိ ဝင်ရောက်နိုင်လိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး။ ယွီရှောင်ချီလည်း အလိုက်သင့်နေလိုက်ရတော့တာပေါ့။

ဒီကိုမရောက်ခင် တစ်စုံတစ်ယောက်က ချင်းဟန်ရဲ့အကျင့်စရိုက်တွေကို ပြောပြခဲ့သလိုပဲ။ စိတ်ထဲရောထွေးနေပေမယ့် မှတ်မိနေခဲ့တုန်းပဲ။

ထိုနေရာမှထွက်လာလိုက်တော့ လမ်းထောင့်ချိုးအရောက် ရှီရှန်းကြောင့်ဖြစ်ခဲ့တဲ့ကျင်းနက်ကြီးကို ယွီရှောင်ချီတစ်ယောက် တွေ့လိုက်ရတော့တယ်။ မျက်မှောင်ကြုတ်လိုက်ပြီး ကျင်းအနီးအနားကိုသွားကာ စပ်စုလိုက်တယ်။

‘ဒီတွင်းကြိးက ဘာလို့ဒီနေရာမှရှိနေရတာလဲ..?’

ယွီရှောင်ချီက ကျင်းထဲကိုငုံကြည့်လိုက်ပေမယ့် အရမ်းနက်ရှိုင်းတာကလွဲရင် ဘာမှရှိမနေခဲ့ဘူး။

“အရမ်းထူးဆန်းတာပဲ..”

ယွီရှောင်ချီလည်း ထိုကျင်းကိုဂရုမစိုက်တော့ပဲ သန့်ရှင်းရေးစလုပ်လိုက်တယ်။ ကောင်းကင်မှာအမှောင်ထုလွှမ်းမိုးလာတော့မှ သန့်ရှင်းရေးလုပ်တာပြီးသွားတော့တယ်။

ဒါနဲ့ အရှင်သခင်ချင်းဟန်က သူမအတွက် နေစရာမပေးရသေးဘူးပဲ။

ယွီရှောင်ချီက ချင်းဟန်ကိုသွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ချင်းဟန်ရဲ့အခန်းအပြင်ကိုရောက်တော့ အခန်းထဲမှာမီးလင်းနေတာကို တွေ့လိုက်ရတယ်။ ယွီရှောင်ချီက ဂရုတစိုက်အနားကပ်သွားလိုက်ပြီး..

“အရှင်သခင်.. အခန်းထဲမှာလား..?”

“ဘာကိစ္စလဲ..?”

“ကျွန်မအတွက် နေစရာမပေးရသေးလို့ပါ..”

အခန်းက အတော်ကြာတောင်တိတ်ဆိတ်သွားခဲ့ပြီး..
“လန်ယွဲ့ခန်းမဘေးနားက အခန်း..”

‘လန်ယွဲ့ခန်းမ..?’

ယွီရှောင်ချီတွေးကြည့်လိုက်တော့ အခုလေးတင် အဲ့နားရောက်ခဲ့သေးတာပဲ။ လန်ယွဲ့ခန်းမက သူမ,မဖတ်တတ်တဲ့စာအုပ်တွေနဲ့ ပြည့်နှက်နေတယ်။ လန်ယွဲ့ခန်းမဘေးကအခန်းဆို အရမ်းဝေးတာပဲ။

ယွီရှောင်ချီလည်း အထွန့်မတက်ရဲတာကြောင့် ရိုရိုသေသေပြန်ဖြေလိုက်တယ်။

“ဟုတ်ကဲ့ပါ..”

…………………………….

Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now