Arc 17.31

2K 294 0
                                    

Unicode

ရေထဲကသွေးတွေက သေချာပေါက် မရောနှောသွားဘူးပေါ့။ ရှီရှန်းကိုကြည့်နေတဲ့ မိစ္ဆာတိုင်းရဲ့အကြည့်က ရုတ်တရက်ထူးဆန်းသွားခဲ့တယ်။ မရေမတွက်နိုင်တဲ့မျက်လုံးတွေက ရှီရှန်းကို စိတ်ရှုပ်ထွေးစွာစိုက်ကြည့်နေခဲ့ကြတယ်။

မိစ္ဆာတွေရဲ့သွေးက သူတို့မျိုးနွယ်တွေနဲ့မသက်ဆိုင်ပဲ သေချာပေါက်ရောနှောလိမ့်မယ်။ သွေးနှောမိစ္ဆာမဟုတ်သရွေ့ပေါ့။ သွေးနှောမိစ္ဆာသာဆိုရင် လူသားသွေးတစ်ဝက်ပါတာကြောင့် ဘယ်လိုမှပေါင်းစပ်မှာမဟုတ်ဘူး။

ယွီရှောင်ချီရဲ့နှုတ်ခမ်းထောင့်က တွန့်ကွေးတက်သွားပြီး ထိုမြင်ကွင်းကို တိတ်တဆိတ်စောင့်ကြည့်နေလိုက်တယ်။

မြေခွေးဘုရင်ကြီးရဲ့မျက်နှာက ပျက်ယွင်းသွားခဲ့တယ်။ ဘာလိုပဲဖြစ်ဖြစ် ရှီရှန်းက သူချစ်ခင်ခဲ့ရတဲ့သူ့ရဲ့သမီးလေးလေ။

“မင်းကြီး..”

မြေခွေးဘုရင်ကြီးက ပင့်သက်ရှိုက်လိုက်ပြီး အေးစက်စက်အမိန့်ချလိုက်တယ်။

“ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို သေချာစစ်ဆေးကြချေ..”

‘ငါ့သမီးကို တစ်ယောက်ယောက်ကလဲလှယ်သွားခဲ့ပေမယ့် ငါမသိလိုက်ဘူး..’

ရှီရှန်းကတော့ ဘာမှမဖြစ်သလိုပဲ တည်ငြိမ်နေခဲ့တယ်။ အမြီးလေးကိုလှုပ်ရမ်းရင်း ချစ်စဖွယ်အတိ။

“ယွီရှောင်ချီနဲ့ရွှမ်ဖုန်းအတွက် အခန်းစီစဉ်ပေးလိုက်ကြ..”

မြေခွေးဘုရင်ကြီးက အမိန့်ပေးပြီးတာနဲ့ ခန်းမထဲကနေထွက်သွားခဲ့တယ်။ ရှီရှန်းကိုဘာလုပ်ရမလဲဆိုတာကို အမိန့်မချခဲ့တော့ တခြားမိစ္ဆာတွေလည်း သူတို့ဘာသာ ဘာမှမလုပ်ရဲကြဘူး။

“ယွီရီ.. ငါ့ရဲ့နေရာကို နင်ယူထားခဲ့တာအတော်ကြာပြီ.. အခု ငါ့ကိုပြန်ပေးရမယ့်အချိန်ပဲ..”

ယွီရှောင်ချီက ရှီရှန်းကို အထင်သေးသလိုကြည့်လိုက်တယ်။

‘ဒီမိန်းမကြောင့် မြေခွေးမျိုးနွယ်စုထဲမှာ တချိန်လုံးဆိုးဆိုးဝါးဝါးဆက်ဆံခံခဲ့ရတာ..’

“အို့..”

ရှီရှန်းက သူမရဲ့ခြေထောက်တိုတိုလေးတွေနဲ့ ထွက်သွားမလို့ပြင်လိုက်တဲ့အချိန် ယွီရှောင်ချီက လမ်းပိတ်ရပ်လိုက်တယ်။

“ယွီရီ.. ငါ့နေရာကို နှစ်ပေါင်းများစွာယူထားခဲ့တဲ့အတွက် မတောင်းပန်သင့်ဘူးလား..?”

‘သူမက ဘယ်လိုလုပ်တည်ငြိမ်နေရတာလဲ..?’

ယွီရှောင်ချီတစ်ယောက် တွေးကြည့်လေဒေါသထွက်လေပဲ။ ဒီမိန်းမက မြေခွေးဘုရင်ရဲ့အချစ်ဆုံးသမီးအနေနဲ့ နှစ်ပေါင်းများစွာစည်းစိမ်ခံနေတဲ့အချိန် သူမ,ကရော..?

‘ငါ့မှာတော့ အနိုင်ကျင့်ခံ၊ စနောက်ခံခဲ့ရတယ်..’

ရှီရှန်းလည်း ခေါင်းမော့လိုက်တယ်။
‘ယွီရှောင်ချီက အရမ်းကြီးတာပဲ..’

“ငါ့အမှားမှမဟုတ်တာ.. ငါကဘာလို့တောင်းပန်ရမှာလဲ..? ငါတို့ကိုလဲခဲ့တဲ့ မိစ္ဆာကိုသွားရှာလေ..”
ရှီရှန်းက အေးအေးဆေးဆေးပြန်ပြောလိုက်တယ်.

‘တကယို့ မူလကိုယ်က ဇာတ်လိုက်မနဲ့ကလေးချင်းလဲခံလိုက်ရတာဆိုရင် ဒါက မူလကိုယ်ဆုံးဖြတ်လို့ရတဲ့အရာမှမဟုတ်တာ..’

ရှီရှန်းက ယွီရှောင်ချီကိုဖြတ်ကျော်ပြီး ခန်းမထဲကထွက်သွားလိုက်တယ်။

‘မြေခွေးပုံဖြစ်နေတော့ ဇာတ်လိုက်မနဲ့တိုက်လို့မရတော့ဘူး.. ငါမပျော်ဘူးနော်..’

ယွီရှောင်ချီကတော့ ရှီရှန်းထွက်သွားတဲ့နေရာကို လက်သီးဆုပ်ကာအံကြိတ်ပြီး ရပ်ကြည့်နေလေတော့တယ်။

………………

လေးရက်မြောက်နေ့မှာတော့ ခြေခွေးဘုရင်ကြီးက ရှီရှန်းကိုဆင့်ခေါ်ခဲ့တယ်။ ရှီရှန်းက မြေခွေးဘုရင်ကြီးရဲ့သမီးမဟုတ်ပဲ သွေးနှောမိစ္ဆာဆိုတာကိုသိသွားကြတော့ အရင်ကသူမကိုကပ်ဖားနေကြတဲ့မိစ္ဆာတွေက စတင်ပြီးအပြစ်ရှာလာတော့တယ်။

‘လိုအပ်နေတဲ့အချိန်ရှိနေပေးမှ မိတ်ဆွေအစစ်လို့ခေါ်တယ်..’

သွားနေတဲ့လမ်းတစ်လျှောက် မရေမတွက်နိုင်သော ရန်လိုနေတဲ့အကြည့်တွေ၊ စောင်းချိတ်ပြောနေတဲ့စကားတွေကို လက်ခံလိုက်ရတယ်။

“အခုတော့ လူသားအသွင်မပြောင်းနိုင်တော့တာ မထူးဆန်းပါဘူး.. သွေးနှောမိစ္ဆာဖြစ်နေတာကိုး.. ရွံဖို့ကောင်းလိုက်တာ..”

“အရှက်မရှိလိုက်တာ..”

“အဲ့မိန်းမကို မြေခွေးမျိုးနွယ်စုကနေ နှင်ထုတ်သင့်တယ်.. ငါတို့မျိုးနွယ်ထဲမှာ အဲ့လိုဟာမျိုးမရှိဘူး..”

ရှီရှန်က သူတို့ရှေ့ကနေ တည်တည်ငြိမ်ငြိမ်ပဲဖြတ်လျှောက်လာခဲ့လိုက်တယ်။

သူမကိုမြင်လိုက်တိုင်း ဆူငေါက်နေတတ်တဲ့မြေခွေးဘုရင်ကြီးက အခုတော့ ပုလ္လင်ပေါ်မှာထိုင်နေပြီး သူမကိုရှုပ်ထွေးနေတဲ့အကြည့်ဖြင့် စိုက်ကြည့်နေလေရဲ့…

‘ဘာပဲပြောပြော ငါကိုယ်တိုင် နှစ်ပေါင်းများစွာကျွေးမွေးစောင့်ရှောက်ခဲ့တဲ့သမီးပဲလေ.. သူမကိုချစ်ပေမယ့် သူမက ငါ့ရဲ့သမီးမဟုတ်တော့ဘူး..’

မြေခွေးဘုရင်ကြီးက ရှီရှန်းကို အတော်ကြာအောင်ငေးကြည့်နေခဲ့ပြီး ဖြည်းညှင်းစွာပြောလိုက်တယ်။

“မင်းက သွေးနှောမိစ္ဆာပဲ.. မင်းကိုလဲလှယ်ခဲ့တဲ့မိစ္ဆာက မင်းခန္ဓာကိုယ်ထဲကလူသားသွေးကို ချိတ်ပိတ်ထားခဲ့တယ်.. အရင်တုန်းက ဘာတွေဖြစ်ခဲ့သလဲဆိုတာကို မသိတော့ဘူး.. ငါလည်း နောက်ကြောင်းပြန်မရှာချင်တော့ဘူး.. မင်းကအပြစ်ကင်းပါတယ်..”

မြေခွေးဘုရင်ကြီးက ခနရပ်တန့်လိုက်ပြီး..
“ဒါပေမဲ့ မိစ္ဆာတွေက သွေးနှောမိစ္ဆာကို လက်မခံနိုင်ကြဘူး.. ကျေးဇူးပြုပြီး မိစ္ဆာနယ်မြေကနေထွက်သွားပါ..”

“ကောင်းပြီ..”

ရှီရှန်းက တုံ့ဆိုင်းခြင်းမရှိပဲ ထွက်သွားလိုက်တယ်။ မြေခွေးဘုရင်ကြီးက သူမကိုတားလိုက်ပြီး..

“ရှောင်ရီ..”

အနောက်ကနေ ခြေလှမ်းကျဲကျဲဖြင့်လျှောက်လာခဲ့ပြီး သူမအနားမှာထိုင်ချလိုက်ကာ..

“အပြင်ရောက်ရင် စိတ်လိုက်မာန်ပါမလုပ်နဲ့တော့နော်.. လူသားတွေကို သတိထားပြီးနေ.. ပြီးတော့ ဒါလေးကိုယူထား.. မင်းကိုကာကွယ်ပေးလိမ့်မယ်..”

မြေခွေးဘုရင်ကြီးက ကျောက်စိမ်းလက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး ရှီရှန်းရဲ့လည်ပင်းပေါ်မှာ ကြိုးနီလေးနဲ့ဝတ်ဆင်ပေးလိုက်တယ်။ မိစ္ဆာမျိုးနွယ်တွေက သွေးနှောမိစ္ဆာတွေကို လက်သင့်မခံကြဘူး။ စည်းမျဉ်းအရဆို သူမကိုကွပ်မျက်သင့်ပေမယ့် ထွက်သွားခွင့်ပြုလိုက်တယ်။

“ကျေးဇူးတင်ပါတယ်..”

မြေခွေးဘုရင်ကြီးက တံခါးအပြင်ကိုထွက်ခွာသွားတဲ့ ရှီရှန်းကိုကြည့်ရင်း သက်ပြင်းအသာချလိုက်တယ်။ ရှီရှန်းထွက်သွားပြီးနောက် မိစ္ဆာလေးတစ်ကောင်ဝင်လာခဲ့ပြီး ချီတုံချတုံအမူအယာဖြင့် ပြောလိုက်တယ်..

“အရှင်မင်းကြီး.. မင်းသမီးလေးက အရမ်းတည်ငြိမ်နေတယ်လို့မထင်ဘူးလား..?”

ထိုကိစ္စဖြစ်ပြီးကတည်းက သူမက ဘာမှမပြောခဲ့သလို ပြဿနာလည်းမရှာခဲ့ဘူး။ အခြေအနေတွေကို ဒီတိုင်းလက်သင့်ခံခဲ့တယ်။ မြေခွေးဘုရင်ကြီးက လက်ဝှေ့ရမ်းလိုက်ပြီး..

“ရှောင်ချီကို သွားခေါ်လာခဲ့ချေ..”

“ဟုတ်ကဲ့..”

……………

မြေခွေးဘုရင်ကြီးက ရှီရှန်းခန်းမထဲကနေထွက်သွားတာနဲ့ တစ်ယောက်ယောက်ကို မိစ္ဆာနယ်မြေအပြင်အထိလိုက်ပို့ခိုင်းလိုက်တယ်။ နည်းနည်းလေးနှောင့်နှေးတာနဲ့ ရှီရှန်းတစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေခဲ့တယ်။

“မင်းသမီးလေး..”

“မင်းသမီလေး.. ကျွန်တော်တို့ကို စောင့်ပါဦး..”

မိစ္ဆာလေးတွေအုပ်စုက အနောက်ကနေပြေးလိုက်လာခဲ့ကြတယ်။

“မင်းသမီးလေးက ကျွန်တော်တို့အတွက် အမြဲတမ်းမင်းသမီးလေးပါပဲ.. ကျွန်တော်တို့ မင်းသမီးလေးနဲ့အတူတူသွားမယ်..”

ဒီမိစ္ဆာလေးတွေက ရှီရှန်းယွဲ့ရန်းဂိုဏ်းကနေ ကယ်တင်ခဲ့တဲ့မိစ္ဆာလေးတွေပဲ…
“နင်တို့ ငါ့နောက်လိုက်ရင်သေလိမ့်မယ်..”

ရှီရှန်းက သူတို့တွေကိုမခေါ်သွားချင်တာကြောင့် အေးစက်စက်မျက်နှာထားဖြင့် ငြင်းဆန်လိုက်တယ်။

“နင်တို့တွေက ငါ့အတွက်ဝန်ထုတ်ဝန်ပိုးပဲ.. မိစ္ဆာနယ်မြေမှာသာ ကောင်းကောင်းမွန်မွန်နေခဲ့ကြ..”

“မင်းသမီးလေး.. ကျွန်တော်တို့ရဲ့ဘဝတွေကို မင်းသမီးလေးကကယ်တင်ပေးခဲ့တာပါ.. ကျွန်တော်တို့ သေရမှာမကြောက်ဘူး..”

‘မင်းသမီးလေးက ငါတို့ကိုလိမ်ဖို့ကြိုးစားနေတယ်.. အမှန်အတိုင်းပြောနေတာမဟုတ်ဘူး..’

“ဟုတ်တယ် မင်းသမီးလေး.. ကျွန်တော်တို့ မင်းသမီးလေးနဲ့လိုက်ခဲ့မယ်..”

[စာရေးဆရာ : သေချင်နေတဲ့မိစ္ဆာလေးတွေကို ငါဘယ်လိုဟန့်တားသင့်လဲ..? ခေါင်းမာလိုက်တာ..]

ရှီရှန်းက မိစ္ဆာလေးတွေကိုခေါ်မသွားချင်ပေမယ့် သူတို့တွေက သူမနောက်ကနေ တကောက်ကောက်လိုက်နေတော့တာပဲ။ ရှီရှန်းလည်း သူတို့တွေကိုပြောဖို့ အချိန်မရတာကြောင့် မိစ္ဆာနယ်မြေရဲ့ထွက်ပေါက်ကို အမြန်လျှောက်သွားလိုက်တယ်။

“ဟိုမိန်းမအရှေ့မှာ.. ရပ်လိုက်..”
တစ်ယောက်က အော်ဟစ်လိုက်တယ်။

မိစ္ဆာလေးတွေလည်း အနောက်ကိုလှည့်ကြည့်လိုက်ပြီး မျက်နှာပျက်ယွင်းသွားကြတယ်။

“မင်းသမီးလေး အရင်သွားနှင့်တော့.. ကျွန်တော်တို့တားထားလိုက်မယ်..”

နောက်ကအဖွဲ့ကိုဦးဆောင်လာတဲ့မိစ္ဆာတွေလည်း ထိတ်လန့်သွားရတယ်..
‘ဒီကောင်တွေ ဘယ်လိုလုပ်ဒီရောက်နေတာပါလိမ့်..?’

ရှီရှန်းက မိစ္ဆာမျိုးနွယ်ရဲ့စည်းမျဉ်းတွေကို သိထားပြီးသား…

‘ဒီမိစ္ဆာတွေ ငါ့ကိုသတ်ဖို့ရောက်လာတာဖြစ်မယ်..’

“မင်းသမီးလေးကို အဝေးခေါ်သွား..”

မိစ္ဆာလေးတွေလည်း ထုံးတမ်းအစဉ်အလာတွေကို မထိန်းသိမ်းနိုင်တော့ဘူး။ ရှီရှန်းကိုပွေ့ချီလိုက်ပြီး ထွက်ပေါက်ကိုပြေးသွားလိုက်တယ်။ ဒါပေမဲ့ နောက်ကျသွားခဲ့ချေပြီ။

လိုက်ဖမ်းတဲ့အဖွဲ့က ကြိုစောင့်နေပြီး လမ်းပိတ်ထားခဲ့တယ်။

“သူမကို လက်လွှဲပေးစမ်း.”
အင်အားကြီးတဲ့မိစ္ဆာတစ်ကောက်က ဒေါသတကြီး စိုက်ကြည့်လာခဲ့တယ်..

“သူမက သွေးနှောမိစ္ဆာပဲ.. သုတ်သင်ပစ်ရမယ်.. မင်းတို့က ပုန်ကန်ချင်နေတာလား..?”

“မဟုတ်ဘူး..”
ရှီရှန်းကိုပွေ့ချီထားတဲ့မိစ္ဆာလေးက ခိုင်ခိုင်မာမာပြန်ငြင်းလိုက်တယ်။

“မင်းသမီးလေးက ကောင်းတဲ့မိစ္ဆာပဲ..”

“သွေးနှောမိစ္ဆာဖြစ်နေရတာ မင်းသမီးလေးရဲ့အပြစ်မှမဟုတ်တာ.. သူမကအပြစ်ကင်းတယ်.. မင်းတို့တွေ မင်းသမီးလေးကို ဘာလို့သတ်ချင်နေရတာလဲ..?”

“ငါတို့မသေမချင်း မင်းသမီးလေးကို မင်းတို့လက်ထဲမရောက်စေရဘူး..”

“ကောင်းပြီ.. မင်းတို့သေချင်မှတော့ ငါ့ကိုအကြင်နာတရားမရှိဘူးလို့ အပြစ်မတင်နဲ့တော့..”

အင်အားကြီးတဲ့မိစ္ဆာကောင်က ခနဲ့လိုက်ပြီး လက်ဝှေ့ရမ်းလိုက်ကာ..
“သူတို့တွေကိုသတ်ကြ..”

ရှီရှန်းက သူမရဲ့နဖူးကို လက်ဖဝါးလေးဖြင့်ပွတ်သပ်လိုက်ပြီး..
“တကယ့်သောက်ပြဿနာပဲ.. ငါ့နောက်မလိုက်ပါနဲ့လို့ ပြောနေတာကို.. ငါ့ရဲ့ဓားဘယ်မှာလဲ..?”

သူမရဲ့ဓားက ထွက်ပေါ်လာခဲ့ပေမယ့် အရမ်းကြီးလွန်းတော့ ရှီရှန်းလည်းမကိုင်နိုင်ခဲ့ဘူး။

“မိစ္ဆာသတ်ဓား..”

တစ်စုံတစ်ယောက်က ကြောက်လန့်တကြားအော်ဟစ်လိုက်တယ်။ မိစ္ဆာတွေအကုန်ရပ်တန့်သွားပြီး လေထဲမှာပျံဝဲနေတဲ့ဓားကို ကြောက်လန့်တကြားမော့ကြည့်လိုက်ကြတယ်။

“Buzz..” (တုန်ခါသံ)

ဓားကတုန်ခါလာပြီး မမြင်ရတဲ့အရှိန်အဝါတွေထုတ်လွှတ်လာတာကြောင့် မိစ္ဆာတွေလည်း အနောက်ကိုဆုတ်လိုက်ကြတယ်။

‘Fuck..!!! ငါ့နာမည်က မိစ္ဆာသတ်ဓားမဟုတ်ဘူး…’

……………………………

Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now