Chapter- 35

907 162 6
                                    


ယုံကျန့်ဖင်သည် ကင်းလှည့်အရန်ရဲအရာရှိတစ်ဦးပင်ဖြစ်သော်လည်း သူ့မှာအထူးတာဝန်များမရှိသည့်အခါများတွင်တော့ ပင်မရဲတပ်ဖွဲ့နှင့်အတူ ကင်းလှည့်နေလေ့ရှိသည်။ဤနည်းဖြင့် သူ၏ ID ကိုပါ ကျိုးကြောင်းဆီလျော်စွာ ဖုံးကွယ်ထားနိုင်၏။

သူတို့၏ ကင်းလှည့်အဖွဲ့က ပုံမှန်အားဖြင့်အလုပ်သိပ်မရှုပ်သည်ဖြစ်ရာ ပို၍လှုပ်ရှားရလွယ်ကူစေသည်။

နံနက် ၁၁ နာရီတွင် ယုံကျန့်ဖင်သည် သူ၏လုပ်ရိုးလုပ်စဉ် စစ်ဆေးရေးတာဝန်များအား ပြီးမြောက်အောင်လုပ်ပြီးပြီဖြစ်၍ နေ့လည်စာစားရန်အတွက် ရဲဌာနဆီသို့ ပြန်လာခဲ့သောအခါတွင် စန်ရှောင်းနှင့် အခြားကာကွယ်စောင့်ရှောက်သူများက စုဝေးနေကြပြီး အတူတူစကားပြောရင်း ရယ်မောနေကြသည်ကို တွေ့လိုက်ရလေသည်။နောက်ပိုင်းမှအဖွဲ့ထဲသို့ဝင်လာခဲ့သည့် လျန်ယွီဖန်၏အဖွဲ့ဝင်များသည်ပင် အခြားသူများနှင့်ပျော်ရွှင်စွာပေါင်းသင်းနေကြကာ တစ်စုံတစ်ခုသောအရာအပေါ်၌ ရယ်မောနေကြလေသည်။

ယုံကျန့်ဖင်က လမ်းလျှောက်လာခဲ့ပြီး တတ်နိုင်သမျှ ဂုဏ်သိက္ခာရှိသောအသံဖြင့်ပြောလိုက်သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ?ငါတို့ရဲ့အလုပ်က အခြားရဲအရာရှိတွေထက်ပေါ့ပါးတာတော့မှန်ပေမယ့် အရမ်းသိသာအောင်တော့မလုပ်ကြနဲ့လေ။လူစုပြီးအဖွဲ့လိုက် လတ်လျားလတ်လျားလုပ်နေကြတာ မြင်မကောင်းဘူး!"

ယုံကျန့်ဖင်က အရန်ရဲအရာရှိများအားလုံး၏ ခေါင်းဆောင်အဆင့်၌ရှိသည်။စန်ရှောင်းကမော်တော်စကူတာပေါ်သို့ ခရီးသည်တစ်ဦးကိုတင်ဆောင်ခြင်းဖြင့် စည်းမျဉ်းချိုးဖောက်ခဲ့စဉ်တုန်းက ယုံကျန့်ဖင်လည်း အတူတူအပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။ထိုအချိန်မှစ၍ သူက ရဲတပ်ဖွဲ့၏ကျင့်ဝတ်များနှင့် စည်းကမ်းများကို အထူးဂရုပြုလာခဲ့သည်။သူတို့က အရန်ရဲအစစ်များမဟုတ်ပါသော်လည်း ယင်းယူနီဖောင်းများကို၀တ်ဆင်ထားလျှင် သက်ဆိုင်ရာတာဝန်များကိုတော့ ထမ်းဆောင်ရမည်သာ။

"မဟုတ်ပါဘူး" စန်ရှောင်းကပြုံးပြီး ခေါင်းကိုလှည့်ကာ

"သူဌေး၊ အတူတူ လာကြည့်ကြည့်....အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ငါတို့က အလေလိုက်နေတာမဟုတ်ပါဘူး...ငါတို့က အလုပ်လုပ်နေတာပါ...ဟားဟားဟား!"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now