𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)

318 23 0
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 26

Energy and Mantras

╚═════ ࿇ ═════╝

မွန်ဒီလည်း တက္ကစီပေါ်မှာ အူမြူးပျော်ရွှင်လာခဲ့ပြီး အိမ်တော်မှာ စိတ်ဆိုးဆိုးဖြင့် စောင့်ဆိုင်းနေကြမည့် သူမ၏မိသားစုအကြောင်းကိုတောင် သိပ်မတွေးမိခဲ့ပေ။

မိနစ်အနည်းငယ်အတွင်း မိုးစက်များက ကားမှန်များပေါ်သို့ တဖောက်ဖောက်နှင့် ကျရောက်လာခဲ့သည်။

" အယ် ... မိုးတွေ ရွာလာပြီ "

မွန်ဒီလည်း မှန်ချပ်များပေါ်က သလင်းရောင်ကျောက်များကဲ့သို့ မိုးစက်ကြည်များကို တွေ့ရှိပြီးနောက် သူမတွင် ထီးမပါလာခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

သို့သော်လည်း သူမ တက္ကစီပေါ်ကနေ ဆင်းသည့်အခါ သူမတစ်ကိုယ်လုံး မိုးရေစိုရွဲနေလိမ့်မည်ကို မစိုးရိမ်နေခဲ့ပေ။

ဤသို့ဖြင့် တက္ကစီကားသည် Freeman စံအိမ်တော်၏ခြံတံခါးအရှေ့သို့ ရောက်ရှိခဲ့၏။

ခြံရှေ့တွင် ကားရှေ့မီးလုံးများမှ ဖြာကျနေသောအလင်းတန်းများက ဂိတ်ဝရှိ ရုံငယ်အတွင်း၌ ငိုက်မြည်းနေသောခြံစောင့်လေးယောက်ကို နိုးစေခဲ့သည်။

ထို့နောက် အိပ်ချင်မူးတူးဖြစ်နေကြသည့်အနေအထား၌ ဝေရီဝေဝါးသောမျက်လုံးများက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပွင့်လာခဲ့သည်။

ထို့နောက် အလင်းရောင် မထင်မရှားဖြစ်နေသည့်အခြေအနေတစ်ခုတွင် တက္ကစီပေါ်မှ ဆင်းလာသော မွန်ဒီ့ကို တွေ့လိုက်ကြရသောအခါ အိပ်ငိုက်ချင်နေရာကနေ မျက်လုံးပြူးသွားကြရင်း စတင်ပျာယာခတ်ကြတော့သည်။

ရုံငယ်အတွင်းမှ အစောင့်နှစ်ယောက်က ခြံတံခါးကို ခလုတ်နှိပ်ကာ အမြန်ဖွင့်ပေးကြသည်။

ကျန်အစောင့်နှစ်ယောက်မှာ ထီးကိုယ်စီ ဆောင်းလာကြကာ မွန်ဒီ့အား ထီးပြိုင်မိုးပေးကြရင်း တရိုတသေ ကြိုဆိုခဲ့ကြသည်။

" သခင်မလေးရယ် ပြန်လာပေလို့။ အိမ်တော်တစ်ခုလုံး စိတ်ပူနေကြတာ။
ကျွန်တော်တို့ကိုတောင် သခင်မလေးထွက်သွားတာ မသိရကောင်းလားဆိုပြီး အလုပ်ဖြုတ်ဖို့တောင် ဝုန်းဒိုင်းကြဲခဲ့ကြသေးတယ်။ ဘယ်ချိန်က ဘယ်လိုများ ကျွန်တော်တို့ရှိနေတဲ့ကြားက ရအောင် ထွက်သွားရတာလဲဗျာ "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now