Chapter 11 - Unicode

6.8K 550 15
                                    

ကျန်သေးသည့်ခရီးတစ်လျှောက်တွင်တော့ သျှင်မင်းသန့်က ကားပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်ပြီးလိုက်လာသည်။ လမ်းပြောပြပြီးချက်ချင်းတန်းအိပ်သွားတာပင်။ ပြန်ပေးဆွဲလိုက်လျှင်တောင် သိမည့်ပုံမပေါ်တော့။

မအိပ်ခင်ကပြောသွားသည်ကတစ်ခွန်းတည်းပင်။

"တည့်တည့်သာဆက်မောင်းသွား ဦးလေးကြီး၊ ထန်းပင်တွေ့ရင်ဘယ်ကွေ့လိုက်"

ဆိုသည်ပင်။ တော်သေးသည် အခုထိတော့ ထန်းပန်မတွေ့သေး။ လမ်းမှားမည်မဆိုးရ။ သို့သော် ထန်းပင်မတွေ့သေးသဖြင့် သူမကွေ့နိုင်သေးချေ။ ကောင်းတာလား၊ ဆိုးတာလားပင် မြင့်မြတ်ပိုင်နောင် မတွေးတတ်တော့။ 

ကြားထဲ ထန်းပင်ကိုလွတ်သွားမည်လည်း စိုးရိမ်ရသေးသည်။ ထို့ပြင် သျှင်မင်းသန့်မျက်နှာကိုလည်း လှမ်းလှမ်းအကဲခတ်ရသေး၏။ ထိုကောင်လေးနေလို့ထိုင်လို့မကောင်းလျှင်သူလည်းဘာမှမလုပ်တတ်ချေ။

"ဦးလေးကြီး"

တွေးနေတုန်းမှာပင် အသံကြားလိုက်ရတာမို့ ဘေးကိုကြည့်လိုက်တော့ မျက်လုံးကိုပွတ်ကာနိုးလာသည်။

"အင်း နိုးလာပြီလား"

"နိုးလာပြီ မရောက်သေးဘူးလား"

"အင်း ကိုယ် ထန်းပင်မတွေ့သေးလို့ မကွေ့ရသေးဘူး"

"အာ ရောက်တော့မှာ"

သျှင်မင်းသန့်ကပြောလိုက်ရင်း ရှေ့ကိုလှမ်းကြည့်ကာလက်ညှိုးထိုးပြသည်။ ထန်းပင်အောက်တွင် ရွာနာမည်ထိုးထားသည့်ဆိုင်းဘုတ်ကြီးနှင့် မြလွန်းရွာမှကြိုဆိုပါ၏ဆိုသည့် စာတန်းကြီးက ထန်းပင်ရှာနေသည့် မြင့်မြတ်ပိုင်နောင်ကို လှောင်နေသလိုပင်။

ထိုဆိုင်းဘုတ်ရှိနေသည်ကိုမပြောဘဲ ထန်းပင်ကိုပြောပြသည့် သျှင်မင်းသန့်က တော်တော်ပင် ကြောင်တောင်တောင်နိုင်၏။

"ဦးလေးကြီး ဘယ်ကွေ့ ဘယ်"

မြင့်မြတ်ပိုင်နောင်ဘာမှမပြောဘဲ သျှင်မင်းသန့်ပြောသည့်အတိုင်းကွေ့လိုက်သည်။ ထို့နောက်တော့ သိပ်မသွားလိုက်ရ၊ ခဏနေတော့ရွာထဲကိုရောက်သွားသည်။

HONEYWhere stories live. Discover now