Chapter 32 - Zawgyi

1K 50 0
                                    

"တော်ပါတော့"

ထိုအသံသည် မီးဖိုချောင်တံခါးဝမှထွက်လာသည့်အသံဖြစ်၏။ အထဲကို ၀င်လာသည့် မိုးမြတ်နောင်သည် အဖေဖြစ်သူကို ကြည့်ကာ အများကြီးစိတ်ပျက်နေသည့်ပုံစံနှင့် ခေါင်းကိုခါရမ်း၏။

"တော်ပါတော့၊ တော်လိုက်ပါတော့။"

"မိုးမြတ်နောင် နင်ကပါအလိုတူအလိုပါလား"

"အဖေတို့ မောင်လေးကို ဘယ်လောက်ဂရုစိုက်ခဲ့လို့လဲ။ ကလေးငယ်ငယ်လေးကို အဖေဘယ်လိုတောင် ဆက်ဆံခဲ့လဲဆိုတာ မေ့သွားတာလား၊ သမီး ရှေ့တင် ဒီကလေးဘယ်လောက်တောင် ညှိုးငယ်နေခဲ့ရလဲသိလား။ အဖေမမှတ်မိတော့ဘူးလား မသိပေမဲ့ သမီး လုံးဝမမေ့ဘူး"

ဦးမာန်လင်းသည် တိတ်ဆိတ်နေသော်လည်း ဒေါသများနှင့် သမီးဖြစ်သူအားကြည့်နေခဲ့၏။

"စကားတွေအများကြီးပြောတတ်တဲ့ ကလေးက၊ သမီးနဲ့အတူတူ ဆော့ရတာ သိပ်ကြိုက်တဲ့ ဒီကလေးက ဘာလို့ ဒီလောက်ထိတိတ်ဆိတ်သွားလဲ၊ ဘာလို့ ဒီလောက်ထိငြိမ်ကုပ်သွားလဲ။ အကုန် အကုန် မိဘဆိုတဲ့ အဖေတို့ကြောင့်ပဲလေ"

သူ့အပေါ်တော့ ကောင်းပေးခဲ့ကြသည့် မိဘများဖြစ်သော်လည်း မိုးမြတ်နောင် မည်သို့မျှ မပြောဘဲမနေနိုင်ချေ။ အမြဲတမ်း တကျက်ကျက်ဖြစ်နေခဲ့ကြသည့် မိဘနှစ်ပါးကြောင့် သူလည်း အနည်းနှင့်အများ ခိုးငိုခဲ့ရသည့်ကလေးပင်။

"အမေတို့သိလား၊ အမေတို့က မောင်လေးကိုတင် စိတ်ဒဏ်ရာပေးခဲ့တာမဟုတ်ဘူး၊ သမီးကိုပါ သမီးကိုပါ အမေတို့ စိတ်ဒဏ်ရာပေးခဲ့ကြတာ"

"မိုးမြတ်နောင်"

"ဒီကလေး ငယ်ငယ်လေးနှစ်ယောက်ကို ဆယ်နှစ်မပြည့်သေးတဲ့ ကလေးငယ်ငယ်လေးနှစ်ယောက်ကို ရှေ့ထားပြီး အမြဲတမ်း နားတောင်မလည်နိုင်တဲ့ စကားလုံးတွေနဲ့ အော်ဟစ်ပြတယ်၊ အငယ်လေးကို မချစ်ဖို့ အမြဲတမ်းသွန်သင်နေခဲ့တာ သိရဲ့လား သိရဲ့လားလို့"

မိုးမြတ်နောင်သည်  အနှစ်နှစ်အလလမြိုသိပ်ထားခဲ့ရသည့် စကားလုံးများအား ထုတ်ပြောနေဟန်ရှိကာ မျက်ရည်များစီးကျနေခဲ့သည်။ မြင့်မြတ်ပိုင်နောင်ကတော့ မျက်လုံးတွေနီရဲလာသော်လည်း မျက်ရည်မကျနေခဲ့။

HONEYWhere stories live. Discover now