Chapter 16 - Unicode

6.1K 562 14
                                    

မျှော်လင့်ချက်ဆိုသည့်အရာသည် မျှော်လင့်ချက်အတိုင်းဖြစ်လာလျှင် ကိစ္စမရှိသော်လည်း ထိုအတိုင်းဖြစ်မလာလျှင်တော့ အတော်ရိုက်ချက်ပြင်းသည့် လှိုင်းနှင့်တူသည်။ ဘယ်လောက်ပဲ အဆိုးဆုံးအတွက်ပြင်ဆင်ထားတယ်ပြောပြော၊ စိတ်ထဲမှာ မျှော်လင့်ချက်သေးသေးလေးကတော့ အမြဲတမ်းအားကောင်းနေတတ်သည်မဟုတ်ပါလား။

သျှင်မင်းသန့်စိတ်ထဲတွင် အမည်မသိအစိုင်အခဲတစ်ခုကတင်းခံနေသည်။ မနီးစပ်နိုင်ဘူးဆိုသည့်အခြေအနေကြောင့် ယူကြုံးမရလည်းဖြစ်မိသလို ဘာလို့မဖြစ်နိုင်ရတာလဲဆိုသည့် အတွေးတွေကြောင့် စိတ်တွေရှုပ်ထွေးနေရ၏။

ချစ်ရသူသည် သူ့အား ငြင်းဆိုလိုက်သည့်အကြောင်းအရင်းကိုလည်း မမေးနိုင်ခဲ့သလို သျှင်မင်းသန့် ဘာစကားမှမပြောနိုင်အောင်ပင် ဆွံ့အနေခဲ့ရသည်။ ရင်ဘတ်ထဲတွင် တင်းကြပ်နေပြီး မျက်ရည်စတွေသာ ရစ်သီလာ၏။

မေးခွန်းတွေအများကြီးစိတ်ထဲတွင်ရှိနေခဲ့သော်လည်း၊ ပြောချင်တာတွေအများကြီးရှိနေခဲ့သော်လည်း သျှင်မင်းသန့် ဘာကိုမှမဖွင့်ဟနိုင်ခဲ့ချေ။

"ဘာလို့လဲဟင် ဘာလို့ ငြင်းတာလဲ"

အကြောင်းအရင်းကိုမေးဖို့ သူကြိုးစားချင်ခဲ့သည်။

"ကျွန်တော်က ဦးလေးကြီးကို တကယ်ချစ်တာပါ၊ တကယ်ကျွန်တော့်စိတ်ထဲမှာရှိနေတာသေချာလို့ အခုလိုပြောတာ"

ချစ်ကြောင်းတွေကိုလည်း မြင့်မြတ်ပိုင်နောင် သိအောင်ပြောပြချင်ခဲ့သည်။ သို့သော် တစ်လုံးတစ်ပါဒမှသူ့ပါးစပ်ကထွက်မလာခဲ့။

"ကျွန်တော့်ကို စဥ်းစားပေးလို့မရဘူးလားဟင်"

အသနားခံချင်သေးသည်။ သူ့ကိုမငြင်းဖို့ တောင်းဆိုချင်သေးသည်။ အနည်းဆုံးတော့ စဥ်းစားပေးစေချင်ခဲ့သည်။ သို့သော် သျှင်မင်းသန့် မည်သည့်စကားကိုမှမပြောဖြစ်ခဲ့။ နောင်တရနေသော်လည်း ဖွင့်ပြောမိခဲ့တာကို နောင်တရခြင်းလား၊ စကားတွေအများကြီးမပြောဖြစ်ခဲ့တာကိုလား သူသိပ်ပြီးမသေချာချေ။ 

အရင်နေ့က မြင့်မြတ်ပိုင်နောင်သူ့ကိုအိမ်၀င်ပို့သွားကတည်းက သျှင်မင်းသန့် စိတ်ထဲလွင့်မျောနေသလိုခံစားရသည်။ ဘာလုပ်ရမှန်းမသိသလို ဘာတွေတွေးနေမိမှန်းကိုမသိတော့ချေ။

HONEYWhere stories live. Discover now