Chapter 24 - Unicode

5.8K 481 4
                                    

ဦးမင်းထက်သည် ထွေထွေထူးထူးရောဂါမဟုတ်ဟုဆိုသော်လည်း အတော်အားလျော့နေပုံပင်။ ပြေးကြည့်မှ ဒီမြေးအဖိုးနှစ်ယောက်ပဲရှိတာမို့ သျှင်မင်းသန့်သည် အဖိုးဖြစ်သူကို လူနာစောင့်ပေးရသည်။

"ချာတိတ် ဒီနေ့အိမ်ပြန်အိပ်လိုက်ပါ့လား"

သျှင်မင်းသန့် ဆေးရုံစင်္ကြံလမ်းရှိ ခုံပေါ်တွင်ထိုင်နေရင်း သူ့ဘေးကမြင့်မြတ်ပိုင်နောင်ကို မော့ကြည့်လိုက်မိသည်။

ခပ်နွမ်းနွမ်းအဝတ်အစားနှင့်မြင့်မြတ်ပိုင်နောင်သည်လည်း လွန်ခဲ့တဲ့သုံးရက်လုံး သူနဲ့အတူတူရှိနေပေးတာဖြစ်သည်။ ဆေးခန်းကို နေ့လယ်ပိုင်းခဏလောက်သာသွားပြီး သူ့ဆီကိုပြန်လာစမြဲ။

"အဲဒါ ဦးလေးကြီးကိုပြောရမှာ၊ အိမ်ပြန်အိပ်လိုက် ဆိုဖာက ဘယ်လိုလုပ်အိပ်ရတာသက်သောင့်သက်သာရှိမှာလဲ"

လူနာစောင့်အတွက်ထားပေးထားသည့် ခုတင်က တစ်ယောက်စာ‌သာအိပ်လောက်တာမို့ မြင့်မြတ်ပိုင်နောင်နဲ့ဆိုလျှင် ဘယ်လိုမှအိပ်လို့မရ။ ထို့ကြောင့် ထိုခုတင်ပေါ်တွင် သျှင်မင်းသန့်ကအိပ်ရပြီး ဆိုဖာပေါ်တွင်မြင့်မြတ်ပိုင်နောင်ကအိပ်သည်။

"ကိုယ်ကအဆင်ပြေပါတယ်"

အဆင်ပြေပါတယ်ပြောနေလည်း အဆင်မပြေတာ သျှင်မင်းသန့်သိသည်။ ဆိုဖာက မြင့်မြတ်ပိုင်နောင်အရပ်နှင့်ယှဉ်လျှင် သေးနေတာမို့ ခွေခေါက်အိပ်နေရသည့်လူကို မြင်နေရတာ အဆင်မပြေ။

"အဲဒါဆို ဒီနေ့ ဦးလေးကြီး ခုတင်ပေါ်အိပ်"

"ခုတင်ပေါ်က ချာတိတ်အိပ်ပါ"

"ခုတင်ပေါ်အိပ်မှာလား၊ အိမ်ပြန်အိပ်မှာလား ဦး လေး ကြီး"

ပထမဆုံးအကြိမ်အနေဖြင့် သျှင်မင်းသန့်က သူ့အား ချိန်းခြောက်သည့်လေသံနှင့်ပြောလာတာကြောင့် မြင့်မြတ်ပိုင်နောင် ကြောင်အသွားရသေးသည်။ ထို့နောက် ချစ်စရာကောင်းအောင်လက်ညှိုးတစ်ထောင်ထောင်နှင့် သူ့ကို အမိန့်ပေးချင်နေသည့် ကောင်လေးကို ပါးကိုအသာဆွဲဖဲ့လိုက်သည်။

"ခုတင်ပေါ်အိပ်ပါ့မယ်ခင်ဗျာ"

"ပြီးတာပဲ"

HONEYWhere stories live. Discover now